ရသေ့တောင် စေတီပြင်စစ်ဘေးရှောင်စခန်းရှိ လူနေဆောင်အားလုံးနီးပါး ပျက်စီးနေသဖြင့် အမြန်ပြင်ရန် လိုအပ်နေဟုဆို

0
185

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယူကမ်း၊ စေတီပြင်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်တန်းလျားများမှာ နေထိုင်မရလောက်အောင် ပျက်စီးနေ၍ မိုးရာသီမလာမီ အချိန်မီ ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်နေကြောင်း စစ်ရှောင်ဘေးများက ပြောကြားသည်။

အဆိုပါစေတီပြင်စစ်ဘေးရှောင်စခန်းတွင် တစ်ဆောင်လျှင် အခန်းငါးခန်းပါသည့် စစ်ရှောင်တန်းလျား ၆၁ ဆောင်ရှိပြီး အဆိုပါတန်းလျားများမှာ ယိုင်လဲပျက်စီးပြီး လူနေ၍မရတော့သည့် အခြေအနေဖြစ်နေကြောင်း စေတီပြင်ပရဟိတလူငယ်များအသင်းခေါင်းဆောင် ကိုအောင်မင်းစိုးက ပြောသည်။

“ တစ်ဆောင်မှာ ငါးခန်းစီပါတဲ့ တန်းလျားတွေကို ၂၀၁၉ ကပဲ အုန်းနဲ့ဝါးနဲ့ဆောက်ပေးထားတာပါ။ အခုက အားလုံး ယိုင်ပြီး လဲပြိုနေပါတယ်။ သုံးလို့ရနိုင်သေးတဲ့ အဆောင်တွေကိုတော့ ဒေါက်တိုင်တွေနဲ့ တည့်မတ်ထားတာတွေရှိတယ်။ တခြားအဆောင်တွေက သုံးလို့မရတော့ဘူး။ ပြိုကျသွားပါပြီ။ မိုးမကျမီ မပြင်နိုင်ရင် စစ်ဘေးရှောင်မိသားစုတွေ နေရေးထိုင်ရေး အထူးအခက်အခဲဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

အဆိုပါတန်းလျားများမှာလည်း ၂၀၁၉ ခုနှစ်က ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ရခိုင်အရပ်ဖက် လူငယ် အဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအဆောင်များမှာ ၄ နှစ်တာ သက်တမ်း ရှိနေပြီဖြစ်၍ အဆောင်အများအပြားမှာ ပြိုပျက်နေပြီဟု သိရသည်။

လက်ရှိတွင် စစ်ရှောင်တန်းလျားများ ပျက်စီးနေသည့်အတွက် မိုးတွင်းကာလ နေရေးထိုင်ရေး အခက်အခဲဖြစ်လာမည်ကို စိုးရိမ်ကြောင်း ၄င်းစခန်းတွင် လာရောက်ခိုလှုံနေသည့် ရေစိုးချောင်း ကျေးရွာသူ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးက ပြောသည်။

“ အိမ်တွေကအကုန်လုံးပျက်စီးနေပြီ။ အိမ်တွေပြန်ပြင်ဖို့ ငွေလည်းမရှိဘူး။ စားဖို့ပိုက်ဆံတောင် မရှိဘူးလေ။ အခက်အခဲ အကျပ်အတည်းတွေက အများကြီးပဲ။ မိုးကလည်း ရွာတော့မယ်ဆိုတော့ နေဖို့နေရာအတွက် ဒုက္ခရောက်ရအုံးမယ်” ဟု ပြောသည်။

ထိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃၄၅ စုနှင့် လူဦးရေ ၁၃၀၀ ကျော်ခိုလှုံနေထိုင်လျက်ရှိပြီး ၄င်းတို့မှာ ရေစိုးချောင်း၊ အမျက်တောင်၊ ငစံဘော်၊ မညှင်းတောင်၊ ကုလားချောင်း၊ ပြိန်းတောနှင့် ကုန်တန်းကျေးရွာသားများ ဖြစ်ကြောင်း သိရသည်။

၄င်းတို့သည် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ထွက်ပြေး ခိုလှုံလာသူများဖြစ်ကြပြီး လက်ရှိ အချိန်ထိ ၎င်းတို့၏ ကျေးရွာများနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချနေရာယူထား၍ အိမ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသူများ ဖြစ်သည်။

စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရခိုင်တကျော့ ပြန်တိုက်ပွဲကာလကပင် ရခိုင်စစ်ရှောင်များအား ထောက်ပံ့မှုရပ်ဆိုင်းခဲ့သည်ဟု စစ်ရှောင်များက ပြောဆိုကြသည်။

၄င်းအပြင် လက်ရှိတိုက်ပွဲရပ်နားထားချိန်အတွင်း စစ်ကောင်စီမှ မြို့နယ်အသီးသီးက စစ်ဘေးရှောင်စခန်းများကိုဖျက်သိမ်းပြီး စစ်ရှောင်များကို နေရပ်အတင်းပြန်ခိုင်းနေသော်လည်း တိုက်ပွဲထပ်မဖြစ်ရန်အာမခံချက်မရှိသလို စစ်လက်နက် အကြွင်းအကျန်များ၏ အန္တရာယ်ကြောင့် နေရပ်မပြန်ရဲဘဲ ရှိနေကြောင်း ရေစိုးချောင်းကျေးရွာသူ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးက ပြောသည်။

“ အစိုးရကတော့ ကိုယ်အိမ်ကိုယ့်ရွာပြန်ဖို့ လာပြောတာပေါ့။ အဒေါ်တို့နေတဲ့ ရေစိုးချောင်းမှာ စစ်တပ်တပ်စွဲထားတော့ မပြန်ရဲဘူး” ပြောသည်။

လက်ရှိ ရခိုင်မြို့နယ်အသီးသီးရှိ စစ်ရှောင်စခန်းများတွင် နေရပ်မပြန်နိုင်ဘဲရှိနေသည့် စစ်ဘေးရှောင်ဦးရေ ၆၆၃၉၅ ဦးရှိနေပြီး ၄င်းတို့မှာ ကျေးရွာအနီးစစ်ကောင်စီ၏ တပ်စွဲနေထိုင်မှုရှိနေသေး၍ နေရပ်မပြန်ရဲ ဖြစ်နေသည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက များမကြာမီက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲတွင် ပြောဆိုခဲ့သည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here