ဟုမ္မလင်းမြို့နယ်က CDM ကျောင်းဆရာ ဗေဒါချစ်မှိုင်း ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံရ

0
175

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ကျောင်းဆရာ ဗေဒါချစ်မှိုင်းကို စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

မတ်လ (၇) ရက်နေ့ ဟုမ္မလင်းမြို့နယ်တရားရုံးက ဆိုင်လွန်ကျေးရွာမှာနေထိုင်တဲ့ CDM ကျောင်းဆရာ ဗေဒါချစ်မှိုင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း တရားရုံးနဲ့နီးစပ်သူများထံမှ သိရသည်။

ကျောင်းဆရာ ဗေဒါချစ်မှိုင်းသည် ဆိုင်လွန်ကျေးရွာ အခြေခံပညာ မှုလတန်းကျောင်း (အမက) တွင် ပညာသင်ပေးနေသော ကျောင်းဆရာတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်း ဖမ်းဆီးခံရသူ (၁၀) ဦးထက်မနည်းရှိခဲ့ပြီး အဆိုပါပုဂ္ဂိုလ်များထဲမှ (၃) ဦးအား ဟုမ္မလင်းမြို့နယ်တရားရုံးက ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပုဒ်မအသီးသီးဖြင့် အမိန့်ချခဲ့ပြီးလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှ စ၍ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၆၄၃၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၅၀၁၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်းနှင့် မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရကြောင်းနှင့် အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦးရှိပြီဖြစ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီဖြစ်ကြောင်း ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၅) ဦးရှိပြီဖြစ်ပြီး အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိကာ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၈၄၁) ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here