နေရပ်ပြန် ပလက်ဝစစ်ဘေးရှောင် ၅၀၀ ခန့် အလုပ်အကိုင်နှင့်စားသောက်ရေး ခက်ခဲနေ

0
259
ဓာတ်ပုံ - မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်ပြည်သူများ (ခိုနူမ်းသုန်)

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင် ၅၀၀ ခန့်မှာ နေရပ်သို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။

ယာယီနေထိုင်သည့်နေရာတွင် အထောက်အပံ့မရရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ သားသမီးပညာရေးအခက်အခဲ တို့ကြောင့် ပလက်ဝဒေသခံများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ မိမိအစီအစဉ်ဖြင့် နေရပ်ပြန်လာကြခြင်း ဖြစ်သည်။

နေရပ်ပြန်လာသည့် မြိတ်ဝကျေးရွာသားတစ်ဦးက “အိမ်ထောင်စု အစုလိုက်၊ အစုလိုက် ဖြစ်သလို ပြန်လာကြတာ။ လာတုန်းကတော့ ဝါးဖောင်တွေမျှောပြီး လာတဲ့သူလည်းရှိတယ်။ ပြန်ရောက်တော့ ရှိတဲ့ပိုက်ဆံတွေနဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ပြီး နေထိုင်နေပါတယ်” ဟု ပြောသည်။

လက်ရှိမှာ အိမ်ထောင်စု ၉၂ စု၊ လူဦးရေ ၄၆၀ ဦးမှာ မိမိနေရပ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ သို့သော်လည်း မိုးတွင်းကာလက ထွန်ယက်စိုက်ပျိုးထားခဲ့သော စပါးခင်းများမှာ ပျက်စီးသွားခဲ့ပြီဖြစ်ကာ တောတောင်သို့သွားရောက်ပြီး လုပ်ကိုင်စားသောက်ရန်အတွက်လည်း မိုင်းအန္တရာယ်ကြောင့် စားဝတ်နေရေး အခက်ကြုံတွေ့နေကြရသည်။

နေရပ်ပြန်လာသည့် ပလက်ဝဒေသခံများမှာ အသက်အန္တရာယ်ကြားမှ တောတောင်သို့သွားရောက်ကာ သစ်ဝါးခုတ်ပြီး လက်ကျန် ဆန်ရိက္ခာတချို့နှင့် စားသောက်နေထိုင်နေကြကြောင်း သိရသည်။

၎င်းတို့ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ပလက်ဝမြို့မှ စစ်ကောင်စီတာဝန်ရှိသူများထံ တင်ပြထားကြောင်း မြိတ်ဝကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“မြို့ပေါ် (ပလက်ဝ) မှာရှိတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်မယ်ဆိုရင် ပိုက်ဆံတွေ ထောက်ပံ့ပေးတာရှိတယ်။ ကျနော်တို့မှာ မရှိဘူး။ အလုပ်လည်းမရှိတော့ ပိုပြီးတော့ ခက်ခဲတယ်။ စားဖို့ကိုတောင် အနိုင်နိုင် ရုန်းကန်နေရပါတယ်။ အခုတော့ ရွာအနားက ယာခုတ်တဲ့သူတွေလည်းရှိတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြိတ်ဝကျေးရွာမှ အိမ်ထောင်စု ၁၃၅ စု၊ လူဦးရေ ၇၀၀ ခန့်မှာ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြရသည်။

၎င်းတို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ တပ်ပေါင်းချေကျေးရွာ၊ ရွာသစ်ကျေးရွာ၊ လိုင်တလန်ကျေးရွာ၊ ရွာသာယာ စသည့်ကျေးရွာများတွင် ခိုလှုံနေထိုင်ခဲ့ကြပြီး လက်ရှိတွင် မြိတ်ဝဒေသခံ ၄၆၀ ဦး နေရပ်ပြန်လာကြပြီဖြစ်သည်။

ကျန်ရှိသည့် အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၂၀၀ ကျော်မှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်မလာကြသေးကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအတွင်း ကျန်ရှိနေသေးသည့် စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှုများ မရရှိသဖြင့် ယာခုတ်၊ ထင်းခုတ်၊ ဝါးခုတ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရကြရသည်ဟု မီဇိုရမ်ပြည်နယ်၊ တပ်ပေါင်းချေကျေးရွာတွင် ခိုလှုံနေသူ ဦးရဲဖြူက ပြောသည်။

“ကျနော်တို့လည်း ကိုယ့်ရွာကို ပြန်သွားဖို့ နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေတာပါ။ နိုင်ငံရေးအခြေအနေကို စောင့်ကြည့်ပြီး ဒီမှာအခြေချရမလား၊ ရွာကို ပြန်မလားဆိုတာ မပြောနိုင်သေးပါဘူး။ ဒီမှာက လုံခြုံမှုရှိပေမယ့် ကိုယ့်ဒေသမဟုတ်တော့ အလုပ်လုပ်ရတာ မလွယ်ကူဘူး။ ဘာသာစကား နားမလည်တာ လည်းပါတယ်” ဟု ဦးရဲဖြူက ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်အပစ်ရပ်ခဲ့ကြရာ လက်ရှိ တိုက်ပွဲရပ်တန့်နေသည်မှာ ၃ ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ထိုသို့ တိုက်ပွဲရပ်တန့်ပြီးနောက် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ စစ်ကောင်စီ၏ အစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသည့် စစ်ဘေးဦးရေ ၅,၀၀၀ ကျော်အထိ ရှိလာသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here