အမျိုးသမီးများအနေဖြင့် အခွင့်အရေးဆုံးရှုံးနေသည့် အခြေအနေတွင် နေသားကျမနေဘဲ ဆက်တိုက်ပွဲဝင်ရန် DYC တိုက်တွန်း

0
283

အမျိုးသမီးများအနေဖြင့် မိမိတို့ မိဘဘိုးဘေးအစဥ်အဆက်က လက်ဆင့်ကမ်းလာကြသော အမျိုးသမီးအခွင့်အရေးဆုံးရှုံးနေသည့် အခြေအနေများတွင် နေသားကျမနေဘဲ ဆက်လက်တိုက်ပွဲဝင်ရန် ဒီမိုကရက်တစ်လူငယ်ကောင်စီ (DYC) က တိုက်တွန်းပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် အွန်လိုင်းမှကျင်းပပြုလုပ်ခဲ့သော ဟောပြောပွဲတွင် DYC က ထိုသို့တိုက်တွန်းထားခြင်းဖြစ်သည်။

အမျိူးသမီးများသည် မွေးရာပါအခွင့်အရေးဆုံးရှုံးနေခြင်းများကြောင့် မိမိတို့ရသင့်ရထိုက်သည့် အခွင့်အရေးရရှိရန် တောင်းဆိုနေရခြင်းဖြစ်ပြီး၊ အမျိူးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားသူများက ရှေ့ထွက်၍တောင်းဆိုတိုက်ပွဲဝင်နေကြသော်လည်း အများစုမှာ မိမိတို့ဘိုးဘေးအစဥ်အဆက်က လက်ဆင့်ကမ်းလာသောအခြေအနေများတွင် နေသားကျနေကြောင်း DYC ၏အဖွဲ့ဝင်တစ်ဦးဖြစ်သော မနိုရာပြောသည်။

၎င်းက “အမျိုးသမီးတွေအခွင့်အရေးမရခြင်းက အမျိုးသမီးတွေကြောင့်ဆိုတာ ရာခိုင်နှုန်းအားဖြင့် များပြားတယ်။ အမေတွေအဒေါ်တွေကနေ သမီးတွေကို သူတို့တုန်းကတည်းက ဒီလိုပဲလုပ်လာတာဆိုပြီး ရိုက်သွင်းကြတယ်။ အမျိုးသမီးတွေကို အမျိုးသားတွေက ဖိနှိမ်ထားတယ်ဆိုတာထက် အမျိုးသမီးအချင်းချင်းက စိတ်ဓာတ်ပိုင်းအားဖြင့် ဒုတိယနေရာမှာပဲ နေချင်ကြတာတွေ့ရတယ်။ နိုင်ငံတကာမှာဆိုရင်လည်း အမျိုးသမီးတွေလုပ်ပိုင်ခွင့်နဲ့နေရာရတယ်ဆိုတာ ရှားပါးတယ်။” ဟု ပြောသည်။

လူ့အဖွဲ့အစည်းတွင် နေရာတစ်နေရာရရှိထားပြီး အရာရောက်သည့် အမျိုးသမီးများအနေဖြင့်လည်း အမျိုးသမီးအခွင့်အရေး သာတူညီမျှမှုရှိစေဖို့ပြဌာန်းပေးရန် တောင်းဆိုရာတွင် ဆက်လက်တိုက်ပွဲဝင်ကြစေလိုသည်ဟု မနိုရာက ဆက်ပြောသည်။

DYC ၏ မူဝါဒပိုင်းဆိုင်ရာတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းကအား (၅၅) ရာခိုင်နှုန်းဖြင့် ရေးဆွဲသတ်မှတ်၍ လုပ်ဆောင်လျက်ရှိကြောင်း၊ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများအား စကားဝိုင်းများ၊ ဆွေးနွေးပွဲများနှင့် အရေးပါအရာရောက်သည့်အခန်းကများတွင် ပါဝင်ခွင့်ပေး၍ အဖြစ်သဘောမျှမပြုလုပ်ကြရန် အမျိုးသမီးများ၏လုပ်ဆောင်နိုင်စွမ်းအား လက်ခံယုံကြည်ကြရန် DYC က အကြံပြုတောင်းဆိုထားသည်။

ဟောပြောပွဲသို့တက်ရောက်လာသူ CDM အမျိုးသမီးတစ်ဦးက “အစွန်းရောက် ဘာသာရေးအယူအဆတွေက မှိုင်းတိုက်လာတဲ့အခါမှာ ကျမတို့အမျိူးသမီးတွေဟာ ကိုယ့်ကိုကိုယ် အားနည်းတဲ့သူလို ခံစားလာရတယ်။ တန်းတူညီမျှမှုမရှိဘူးဆိုတာ အနိုင်ကျင့်ခံရလို့ဖြစ်တယ်၊ ကိုယ် ကိုယ်တိုင်က ပျော့ပျော့ပျောင်းပျောင်းနဲ့ ထက်ထက်မြက်မြက်မရှိတော့တဲ့အခါ အနိုင်ကျင့်ခံလာရပြီး သာတူညီမျှမှုမရှိတော့ဘူး။ အဲဒီတော့ ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးမှာ ကျမတို့တစ်ဦးချင်းတစ်ယောက်ချင်းဆီက ဒီဟာကိုဖောက်ထွက်ရမယ်” ဟု ၎င်းက ဆွေးနွေးတိုက်တွန်းသည်။

ထို့အပြင် အမျိုးသမီးများ သာတူညီမျှမှုရှိစေရေးတွင် ခေတ်နှင့်အံဝင်ခွင်ကျမှုမရှိသောရှေးအယူအဆများက အဟန့်အတားဖြစ်နေပြီး ထိုအယူအဆများကြောင့် အမျိုးသမီးများအပေါ် အနိုင်ကျင့်ခြင်းကို ခံနေရခြင်းဖြစ်ကြောင်း၊ အမျိုးသား အမျိူးသမီး သာမက လိင်ခံယူချက်ကွဲပြားသူတိုင်းသည် လူသားများဖြစ်သည့်အတွက် တန်းတူညီမျှအခွင့်အရေးပေး၍ ခွဲခြားဆက်ဆံရန်မသင့်ကြောင်း အဆိုပါ CDM အမျိုးသမီးက ဆက်ပြောသည်။

ထိုဟောပြောပွဲကို “သာတူညီမျှမှုရရှိဖို့ တွဲလက်ခိုင်မြဲကြပါစို့” ဟူသည့်ခေါင်းစဥ်ဖြင့် DYC မှ ကြီးမှူးကျင်းပခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နယ်သာလန်ဆရာတော်နှင့် အရပ်ဖက်အဖွဲ့များ အပါအဝင် လူဦးရေ (၅၀) ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် အခမ်းအနားအစီစဥ်အရ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီမှပေးပို့သည့်သဝဏ်လွှာ ဖတ်ကြားခြင်း၊ DYC မှ ဖိတ်ကြားထားသော ဆရာ၊ ဆရာမအသီးသီးနှင့် DYC အဖွဲ့ဝင်များက အမျိုးသမီးအခွင့်အရေးဆိုင်ရာနှင့်ပတ်သက်သည့်ခံယူချက်များ၊ အယူအဆများအား ဆွေးနွေးဖလှယ်၍ တက်ရောက်လာသူများ၏မေးခွန်းများကို ဖြေကြားပေးခြင်းဖြင့် အမျိုးသမီးများ၏အသံကို ထုတ်ဖော်ခဲ့ကြသည်။

နန့်ဆန်ထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here