ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့ သိမ်းဆည်း

0
349

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာနှင့် စုံနံသာကျေးရွာအကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့က ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ဝင်ရောက်သိမ်းဆည်းခဲ့ပြီး မီးရှို့လိုက်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့နယ် အာယုတောင်ကျေးရွာနှင့် စုံနံသာကျေးရွာအကြား ခံသင်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“အာယုတောင်နဲ့ စုံနံ့သာကြားမှာရှိတဲ့ ခံသင်းတံတားဘေးက စစ်ကောင်စီတပ်စခန်းတစ်ခုကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က ဒီမနက် ၇ နာရီတိတိမှာ ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်။ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းတွင် အင်အား ၁၅ ဦးခန့်ရှိပြီး စခန်းဝင်ရောက်သိမ်းဆည်းစဥ် စစ်ကောင်စီတပ်သား ၆ ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး ကျန်တပ်သားများ ထွက်ပြေးသွားခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

“သူတို့ဘက်ခြမ်းက ထိခိုက်သေဆုံးမှုကတော့ ၅ ဦး ၆ ဦးလောက်ပဲ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့လူတွေကတော့ ထွက်ပြေးတယ်။ ပြန်ပစ်မရဲဘူး ကျွန်တော်တို့ လက်ဦးယူခဲ့တယ်” ဟု ရေးဘီလူးခေါင်းဆောင်က ဆိုသည်။

ရေးဘီလူးအဖွဲ့အနေဖြင့် စစ်ကောင်စီတပ်စခန်းကို သိမ်းဆည်း မီးရှို့နိုင်ခဲ့သော်လည်း လက်နက်များ သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ကူသော်လည်း ရေးဘီလူးအဖွဲ့သားများ အကောင်းဆုံးဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဆိုထားသည်။

ခံသင်းတံတားအနီး စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ရေး-ထားဝယ်ကားလမ်းရှိ ရေးမြစ်ကူးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီဘူးအဖွဲ့က ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကိုလည်း မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here