မအီမြို့မှ လုပ်ငန်းရှင် ၅ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်ခံရ

0
230

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင် ၅ ဦးကို မအီနယ်မြေရဲစခန်းက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရ၍ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်က ရက္ခိုင့်တပ်တော် (AA) နှင့် ယာယီအပစ်ရပ်ပြီးနောက်ပိုင်းတွင် ရခိုင်ပြည်သူများကို AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးမှုများ မရှိတော့သော်လည်း မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင် ၅ ဦးကို ပုဒ်မ ၁၇(၁)ဖြင့် ယခုလို ဖမ်းဝရမ်းထုတ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဝရမ်းထုတ်ခံထားရသူများမှာ မအီမြို့ အမှတ် (၃) ရပ်ကွက်မှ ဦးဇာနည်လင်း၊ ဦးထွန်းဝင်း၊ ဦးမောင်ထွန်းသိန်း၊ ဦးတင်ဝင်းနှင့် ဦးတင်ထွန်းတို့ဖြစ်ကြသည်။

မအီမြို့တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၄ ရက်ကဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့ ၅ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ ရဲကထုတ်ထားတဲ့အထဲမှာ အဲဒီလူငါးယောက်နာမည်တူပေမယ့် သူတို့ရဲ့အဖေနာမည်၊ အသက်တွေက မတူတာဖြစ်နေတယ်။ အဲဒါကို ဒီအဖေရဲ့သား ဒီနာမည်နဲ့ရပ်ကွက်မှာ မရှိဘူးဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ထောက်ခံချက်ကို ရဲစခန်းကို ရေးပို့ထားတယ်ကြားတယ်။ အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်အရ မြို့နယ်တရားရုံးကိုလည်း ပို့ပေးရပါမယ်” ဟု ပြောသည်။

ယင်းသို့ ဖမ်းဝရမ်းထုတ်ခံထားရသည်ကို ဖေဖော်ဝါရီလ ၂၈ ရက်မှသိရှိရပြီး မည်သည့်အတွက် ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်သည်ကို မသိရသေးဟု ဖမ်းဝရမ်းထုတ်ခံထားရသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here