ခင်ဦးမြို့နယ်အတွင်း မိန်းကလေးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ၈ ထောင်ကျော် ထွက်ပြေးနေရဟုဆို

0
129

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း မတ်လ ၆ ရက်က အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးနေ၍ စစ်ဘေးရှောင်ရင်းမှ အသက် ၉၀ ကျော်အဖွားအိုတစ်ဦးလည်း သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာသည့်အတွက် မုံလှ၊ သရက်ကုန်း၊ ကလုံ၊ သာဝတ္ထိ၊ ရှင်မင်းဒင် စသည့် ကျေးရွာပေါင်း ၇ ရွာက ဒေသခံ ၈ ထောင်ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

မုံလှကျေးရွာမှ အသက် ၈ နှစ်အရွယ် မစုရတနာမြင့်ဆိုသူမိန်းကလေးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်ထိမှန်သေဆုံးခဲ့ရပြီး နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ ရွာတွေထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာတော့ ကြောက်လန့်ပြီး ရွာသားတွေက ဘေးလွတ်ရာထွက်ပြေးကြရတာ၊ မုံလှရွာက အသက် ၈ နှစ်အရွယ်မိန်းကလေးက စစ်ဘေးရှောင်လာရင်း သရက်ပင်အောက်မှာ နားနေရင်းကနေ လက်နက်ကြီးကျည်ဆန်ကျလို့ သေဆုံးခဲ့ရတာ၊ ဒဏ်ရာရသူတွေ ကိုတော့ ဘေးလွတ်ရာမှာ ဆေးကုသပေးနေပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန် ခံက ပြောသည်။

ယင်းသို့ စစ်ဘေးရှောင်သူများထဲမှ သရက်ကုန်းကျေးရွာက အသက် (၉၀) ကျော်အရွယ် အဖွားအိုတစ်ဦးသည် မတ်လ ၇ ရက် ယနေ့နံနက်ပိုင်းက စစ်ဘေးရှောင်ရင်း လမ်းမှာတင် အအေးမိသေဆုံးခဲ့ကြောင်း သိရသည်။

“ အခုမနက်ဆုံးသွားတာပါ။ ကိုယ်လွတ်ပြေးလွှားလာရတာဆိုတော့ ဘာမှမပါကြဘူးလေ။ ရာသီဥတုက လည်း သိတဲ့အတိုင်းပဲလေဗျာ” ဟု ၎င်းက ဆက်ပြောသည်။

“ ကျမတို့ အသက် ၇၀ ကျော်၊ ၈၀ ဆိုတာ ကျန်းမာရေးကလည်းမကောင်း၊ အခုလိုတိမ်းရှောင်လာရတော့ တော်တော် ဒုက္ခရောက်တယ်။ အဝတ်အထည်နဲ့ အသက်လွတ်ရာ ထွက်လာကြရတာလေ။ ကျန်းမာရေးအတွက် တော်တော်လေး အခက်တွေတာပေါ့” ဟု ကလုံကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းကကျေးရွာများသို့ ထိုးစစ်ဆင်မှုများ နေ့စဥ်ရက်ဆက်ပြုလုပ်လာပြီး နေအိမ်မီးရှို့မှုများ၊ ဒေသခံများကို သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်မှုများ ပိုမိုပြုလုပ်လာမှုကြောင့် ၎င်းတို့စစ်ကြောင်းထိုးလာမည် သတင်းကြားရပါက ဘေးလွတ်ရာသို့ အမြန် တိမ်းရှောင်ကြရကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်များသည် တောတောင်တွေထဲတွင် ဖြစ်သလိုနေထိုင်ကြရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ပါဝင်နေလို့ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်များလည်း အရေးပေါ် လိုအပ်ရှိသည့်အတွက် ကူညီလှူဒါန်းပေးကြရန် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here