ရခိုင်ဒေသ ကုန်းလမ်း၊ ရေလမ်း စစ်ဆေးရေးဂိတ်အချို့တွင် စစ်ကောင်စီတပ်က ငွေကြေးကောက်ခံနေသဖြင့် ခရီးသွားလာသူများ အခက်ကြုံ

0
179
(ဓာတ်ပုံ - ရေချမ်းပြင်-အငူမော်ရေလမ်းအတွင်းသွားလာနေသည့် ဇက်ရေယာဉ်တစ်စီးအားတွေ့ရစဉ်)

ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်ရပ်စဲလိုက်သည်မှာ သုံးလခန့်ရှိနေပြီဖြစ်သော်လည်း ကုန်းလမ်း၊ ရေလမ်းရှိ စစ်ဆေးရေးဂိတ်တချို့တွင် ငွေကြေး အတင်းဓမ္မကောက်ခံမှုများရှိနေသဖြင့် ဒေသခံ ခရီးသွားပြည်သူများ စိတ်ညစ်နေကြရသည်ဟု သတင်းရရှိသည်။

ထိုသို့ ငွေကြေးကောက်ခံနေသည့် စစ်တပ် စစ်ဆေးရေးဂိတ်များအထဲတွင် အမ်းမြို့နယ်ရှိ ကန်မြင့်ကံ စစ်ဆေးရေးဂိတ်နှင့် ပဲပဒုံစစ်ဆေးရေးဂိတ်၊ စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်းရေကြောင်း စစ်ဆေးရေးဂိတ်များ ပါဝင်သည်ဟု ဒေသခံပြည်သူများက ပြောကြားသည်။

အမ်းမြို့နယ်ရှိ ကန်မြင့်ကံစစ်ဆေးရေးဂိတ်တွင် ဌာနပေါင်းစုံမှတာဝန်ရှိသူများက လိုသလို စစ်ဆေးမှုများပြုလုပ်ကာ ခရီးသည်တင်ကားများနှင့် ကုန်ကားများ၏ ကုန်တင်ယူလာသည့် ပစ္စည်းအမျိုးအစားအပေါ်မူတည်ပြီး ငွေကြေးများကောက်ခံမှုရှိနေသည်ဟု ဒေသခံများက ပြောသည်။

အမ်းဒေသခံတစ်ဦးက “ သူတို့က ခရီးသည်တွေနဲ့ ကားအပေါ်မူတည်ပြီးတော့ အခွန်ဆောင်ရသလိုမျိုး တောင်းရင်တောင်းသလောက် ပေးနေရတဲ့ ပုံစံမျိုးရှိတယ်။ ပြည်မကိုထွက်တဲ့ ဒီကန်မြင့်ကံ စစ်ဆေးရေးဂိတ်က နာမည်ကြီးတယ်။ မပေးရင် အချိန်ဆွဲပြီး ညစ်ထားတယ်။ တောင်းရမ်းတာ လက်ကုန်ပဲ” ဟု ပြောသည်။

အလားတူ အမ်းမြို့နယ်ရှိ ပဲပဒုံစစ်ဆေးရေးဂိတ်တွင်လည်း ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်မမှလာသည့် ကားများနှင့် ပြည်မသို့ ထွက်ခွာသည့်ကားများကို စစ်ကောင်စီတပ်သားများက စစ်ဆေး၊ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟု ပြောကြသည်။

ခရီးသည်တစ်ဦးက “ ကန်မြင့်ကံနဲ့ ပဲပဒုံစစ်ဆေးရေးဂိတ်တွေက နာမည်အကြီးဆုံးပဲ။ ခရီးသည်တင် ကားဆို ခရီးသည်အားလုံး ကားပေါ်ကဆင်းခိုင်းပြီး စစ်ဆေးတယ်။ ပိုက်ဆံတောင်းတယ်။ မပေးရင် ကားဆီမသွားရဘူး။ ဒီအတိုင်းရပ်ခိုင်းထားတယ်။ ကားထွက်ခါနီးမှ သွားခိုင်းတာတွေရှိတယ်” ဟု ပြောသည်။

ယင်းအပြင် ကုန်တင်ကားများကိုလည်း စစ်ဆေးငွေတောင်းခံပြီး နယ်လုံဝန်ကြီး လက်မှတ်ဖြင့် သယ်ယူသည့် ကားများအနေဖြင့်လည်း အမြန်ဖြတ်သန်းခွင့်ရရန် ငွေပေးရသည်ဟု ဆိုသည်။

အမ်းမြို့နယ်ရှိနောက်ထပ်စစ်ဆေးရေးဂိတ်များတွင်လည်း ရံဖန်ရံခါ စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးတောင်းခံမှုများရှိနေသည်ဟု ခရီးသည်များက ပြောသည်။

ရခိုင်ရှိရေလမ်းတို့တွင်လည်း စကစတပ်မှ ရေကြောင်းသွားလာသော ကုန်တင်သည့် ဒေသခံစက်လှေပိုင်ရှင်များထံမှ ကြေးငွေကောက်ခံမှုများပြုလုပ်နေသည်ဟု သိရသည်။

မင်းချောင်းတံတားအနီးရှိ အမြင့်ကျွန်း ရဲစခန်းအနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်က ရေကြောင်း သွားလာနေသူများအား ခေါ်ယူကာ တင်ယူလာသည့်ကုန်များအား ကြည့်ရှု စစ်ဆေးမေးမြန်းမှုများရှိပြီး စက်လှေမောင်းသမားများဆီမှ ငွေကြေးများတောင်းခံနေသည်ဟု သိရသည်။

စက်လှေပိုင်ရှင် တစ်ဦးက “ ပုဏ္ဏားကျွန်းကနေပြီးတော့ ရသေ့တောင်ဘက်တွေကို ကုန်တွေသွားတင်ရင် အဲဒီနေရာကခေါ်စစ်တယ်။ အခွန်အဖြစ်အခကြေးငွေတောင်းတယ်။ မပေးရင်ဖြတ်သွားခွင့်မပြုဘူး။ သူတို့ တောင်းသလောက်ပေးရတယ်။ မပေးရင် မသွားရဘဲရှိမယ်။ တင်လာတဲ့ကုန်တွေကိုကအစ ဖွင့်ကြည့်တယ်” ဟု ပြောသည်။

အလားတူ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းတွင်လည်း ရေချမ်းပြင် – အငူအမော်သွားလာသည့် ခရီးသည်များ၏ အမည်၊ မှတ်ပုံတင်၊ ဖခင်နာမည်စသည်တို့ကို စာရင်းကောက်ယူကာ စက်လှေပိုင်ရှင်များက ရေတပ်ဆီသို့ စာရင်းများပေးနေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ စစ်ဆေးမေးမြန်းငွေကြေးတောင်းခံရာတွင် ငွေကြေးပမာဏကို သတ်မှတ်ထားခြင်း မရှိဘဲ ကုန်ပစ္စည်းအနည်းအများအပေါ်မူတည်ပြီး ကောက်ခံကာ ထိုသို့ကောက်ခံရာတွင် ငွေပမာဏ အနည်းအများ ကွာဟမှုရှိသည်ဟုလည်း ဆိုကြသည်။

စစ်ကောင်စီတပ်က အပစ်ရပ်ထားပြီဖြစ်၍ ငြိမ်းချမ်းနေသည့်ကာလတွင်လည်း ရခိုင်လူထုကို ဗိုလ်ကျ အနိုင်ကျင့်မှုများကို ဆက်လက်ပြုလုပ်နေ၍ ခရီးသွားတိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ကြုံတွေ့နေကြရသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က ရခိုင်မြို့နယ်အနှံ့ရှိ ကုန်စည်သယ်ယူတင်ပို့သည့် လမ်းကြောင်းများတွင် စစ်ဆေးမှုများရှိနေဆဲဖြစ်ကာ ဆေးဝါးအပြင် တခြားကန့်သတ်ကုန်များကိုလည်း တားမြစ်ပိတ်ပင်မှု ဆက်ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here