နှစ်ဖက်တိုက်ပွဲရပ်တန့်ထားသော်လည်း ရခိုင်ဒေသ ခရီးသွားခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဟု ကုလ ထုတ်ပြန်

0
202

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ ၃ လကျော်အထိ ရှိလာပြီဖြစ်သော်လည်း ဒေသအတွင်း လွပ်လပ်စွာ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပြောကြားလိုက်သည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ မြို့ပြဒေသနှင့်အနီးတဝိုက်သတ်မှတ်နေရာများသို့ UN နှင့် INGO အဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်သဖြင့် နိုင်ငံတကာဝန်ထမ်းများ လက်ရှိအချိန်ထိ သွားလာခွင့်မရသေးကြောင်း UNOCHA က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် လူသားချင်းစာနာမှုဆိုင်ရာကူညီထောက်ပံ့ရေးအဖွဲ့များကို စစ်ဆေးရေးဂိတ်များတွင်အချိန်ကြာမြင့်စွာ စစ်ဆေးနေမှုများရှိနေပြီး ယခုလ ရက်သတ္တတစ်ပတ်အတွင်း စစ်ဆေးမှုများကို၄ နာရီမှ နှစ်နာရီသို့ လျော့ချပေးခဲ့သော်လည်း လူသားချင်းစာနာမှုဆိုင်ရာကူညီများမှာ အဟန့်အတား ဖြစ်နေသေးကြောင်း UNOCHA က ဆိုသည်။

“ပြည်နယ်တစ်ဝှမ်းရှိ ပဋိပက္ခဒဏ်သင့်နေရာတွေကို ဝင်ရောက်ဖို့ မဖြစ်မနေလိုအပ်တဲ့ ခရီးသွားခွင့်ပြုချက်ရယူတာဟာ ရှည်လျားလှသော လုပ်ငန်းစဉ်ကြောင့် နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟုလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခင်က စစ်တွေမြို့- မောင်တောသို့သွားရောက်သည့် လမ်းတစ်လျှောက်တွင် အငူမော်၊ အင်းတောင်၊ မောရဝတီ၊ သုံးမိုင်စစ်ဆေးရေးဂိတ် ၄ ခုသာရှိခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သုံးမိုင် အနီးတွင် ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သဖြင့် ခရီးသွားလာရေးတွင် ပိုမိုအ ခက်တွေ့နေရကြောင်း ဒေသခံများကပြောဆိုကြသည်။

မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်ပြီး အချိန်ကြာမြင့်စွာ စစ်ဆေးမှုနေမှုတို့ကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ ဒေသတွင်းကုန်ဈေးနှုန်း မြင့်သထက်မြင့်တက်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်စစ်ဆေးတယ်။ လူအထူးအဆန်းတွေပါရင်လည်း ခေါ်ယူပြီး စစ်ဆေးမှုရှိတယ်။ အဓိကတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ကုန်ပစ္စည်းတွေဆိုရင်လည်းပဲ လိုသလောက်သယ်ယူခွင့် မရကြဘူး။ ကျနော်တို့ မောင်တောဘက်မှာ ၁၀၀ ရာခိုင်နှုန်းလောက် တက်သွားတဲ့ စျေးဟာ ပြန်ကျတဲ့အခါ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ကျတယ်။ ပစ္စည်းတွေလည်း အမြဲပြတ်လပ်တာနဲ့ ကြုံတွေ့ ရပါတယ် ”ဟု မောင်တောမြို့မှ ပညာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

လက်ရှိ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့တွင် ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် ၇ သောင်းကျော်နှင့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ငွေကျပ် ၁ သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်ကာ ကုန်ပစ္စည်းသယ်ကိုပါ ကန့်သတ်ချက်ဖြင့် သယ်ယူခွင့်ပြုထားသည့်အတွက် ကျေးလက်ဒေနေပြည်သူများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုကြားမှာ အခက်အခဲများရှိနေ သည်ဟု ဘူးသီးတောင်မြို့နယ်၊ မြောင်းနားကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“နယ်ဘက်ကဒေသခံတွေလည်း ကန့်သတ်ချက်နဲ့ပဲ ယူရပါတယ်။ ဆိုတော့ ကျနော်တို့မှာ အများကြီး အခက်အခဲဖြစ်ရပါတယ်။ မြို့ပေါ်နဲ့မတူဘူး။ ဥပမာ ဆေးဝါးဆိုရင် ပိုပြီးခက်ခဲပါတယ်။ ဆေးကုန်သွားလို့ရှိရင် ရွာမှာ ရှာမရတော့ဘူး။ ပစ္စည်းတွေဝယ်ရင်လည်း သူတို့(စစ်ကောင်စီတပ်)တွေ သံသယရှိတဲ့ ကော်ဖီထုတ်တွေ ဆိုရင်သယ်ဆောင်ခွင့် မရပါဘူး။ ပစ္စည်းသယ်ယူမယ်လည်း အကုန်လုံး အတွက် ရဲထောက်ခံစာ ယူရပါတယ်” ဟု ၎င်းကပြောသည်။

အလားတူ ပုဏ္ဏားကျွန်း – ရသေ့တောင်ကားလမ်းကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှစ၍ ခရီးသွားလာခွင့်ပိတ်ပင်ခဲ့သည်။ နောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်ခွင့်ပြုခဲ့ သော်လည်း သုံးဘီးနှင်ဆိုင်ကယ်များသာသွားခွင့်ပြုပြီး ကားများသွားခွင့်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကားလမ်းမှာ အဓိက ကုန်စည်ဆီးဆင်းမှုအတွက်အရေးပါပြီး ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအရေးပါသော လမ်းတစ်ခုဖြစ်သည်။ လက်ရှိ ပုဏ္ဏားကျွန်း -ရသေ့တောင်ကားလမ်း မတွင် လွပ်လပ်စွာသွားလာခွင့်ရသေးသဖြင့် ဒေသခံများ၏ လူမှုစီးပွားထိခိုက်နစ်နာနေကြရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

“ကျနော်တို့မှာ အဘက်ဘက်က ဆုံးရှုံးနေရတဲ့အတွက် ဒီလမ်းကို အမြန်ဆုံး သွားလာခွင့် ရစေချင်ပါတယ်။ စစ်တွေ တခေါက်သွားမယ်ဆိုရင်လည်း တစ်ခါလည်း သွားလို့မရဘူး။ နှစ်ဆင့်သုံးဆင့် သွားနေရပါတယ်။ အဲဒီလမ်းမှာ ပြေးဆွဲနေတဲ့ ကားသမားတွေအများစုမှာ အလုပ်လပ်မဲ့ဖြစ်သွားကြတယ်။ လမ်းလွတ်လပ်စွာ သွားလာခွင့် မဟုတ်ရင်တော့ နည်းနည်းတော့ ဖြေလျော့ပေးစေချင်ပါတယ်” ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရထံသို့ DMG မှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားသူတစ်ဦးက အစည်းအဝေး တက်ရောက်နေသဖြင့် လောလောဆယ်မအားသေးကြောင်း ဖြေဆိုခဲ့သည့်အတွက် တုန့်ပြန် လက်တလောတွင် စစ်ကောင်စီ၏ တုန့်ပြန်ပြောကြားချက်မရရှိခဲ့ပေ။

စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုလမှစ၍ တကျော့ပြန်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၂၆ ရက်နေ့တွင်လူသားချင်းစာနာမှုကို အ ခြေခံကာ ယာယီအပစ်အခတ်ရပ်တန့်ခဲ့ကြသည်။

နှစ်ဖက်နက်လက်ကိုင်ကြား လူသားချင်စားနာထောက်ထားမှုကိုအခြေခံပြီး တိုက်ပွဲရပ်တန့်ခဲ့ခြင်းမှာ ဒေသတွင်းတိုးတက်မှုများရှိသော်လည်း ရခိုင်နှင့်ချင်းပြည်နယ်တောင်းပိုင်းက ဒေသခံများမှာ ယနေ့အထိ ရုပ်ပိုင်းဆိုင်ရာနှင့် ဗျူရိုကရေစီဆိုင်ရာ အတားအဆီးများ လွှမ်းမိုးနေသေားကြောင်း UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here