တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှု ၄၀၀ နီးပါးအထိ တိုးလာ

0
197

တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ အခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၂ နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၄၀၀ နီးပါးအထိ တိုးလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဖွဲ့က မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အရပ်သားသေဆုံးမှုဟာ အာဏာသိမ်းတဲ့ ၂ နှစ်နဲ့ ၁ လအတွင်း သေဆုံးသူ ၃၉၄ ဦးအထိ ရှိလာခဲ့သလို ဒဏ်ရာရ သူ ၁၄၆ ဦးအထိ ရှိလာခဲ့တယ်လို့ Southern Monitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အခုနှစ် ဖေဖော်ဝါရီလ တစ်လအတွင်းမှာပဲ အရပ်သား သေဆုံးသူ ၃၄ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့သလို ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်တို့မှာ အများဆုံး သေဆုံးထားတယ်လို့ ဆိုပါတယ်။

အရပ်သားတွေဟာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာ၊ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ်ဖြတ်တာ၊ လုံခြုံရေး အကြောင်းပြချက်နဲ့ ပစ်ခတ်ဖမ်းဆီးတာ၊ တော်လှန်ရေးအင်အားစုတွေက ဒလန်ရှင်းလင်းရေး ခေါင်း စဉ်နဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးနေရတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလထဲမှာတော့ တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပုလောမြို့နယ်ရှိ ဒေသခံ နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Southern Monitor အဖွဲ့က ဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂၈၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here