မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

0
218
ဓာတ်ပုံ - မင်းတပ်မြို့ ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ ၂၇၄ တပ်ရင်းမြင်ကွင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အမ်လောင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီး နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးနဲ့ CDF-Mindat ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တိုက်နယ်အမှတ် (၄) ဘက်ကို လက်နက်ကြီးပစ်ခတ်ကာ အမ်လောင်းကျေးရွာက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်လင်မယားနဲ့ သူတို့သားလေးအပါအဝင် CDF-Mindat ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့တာလို့ CDF-Mindat တပ်ဖွဲ့က ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“အမ်လောင်းရွာမှာ စစ်ဘေးရှောင်ကိစ္စတွေဆွေးနွေးကြတာပေါ့နော စုဝေးနေကြတဲ့အချိန်ပေါ့လေ အဲဒီ CDF ရဲဘော်တစ်ယောက်ကလည်းရောက်နေတာပေါ့နော် သူက အုပ်ချုပ်ရေးပိုင်း စစ်ဘေးရှောင်ပိုင်းကို ကူပါတယ် သူလည်းအဲဒီမှာရှိနေတယ် ရွာကလူတွေလည်းအဲဒီမှာစုစည်းကြတယ် စစ်ဘေးရှောင်ဒေတာတွေကောက်တာရော၊ ရပ်ထဲရွာထဲကဟာတွေကော ဆွေးနွေးကြတာပေါ့ အဲဒီဆွေးနွေးနေတဲ့အိမ်ပေါ်ကိုပေါ့နော လက်နက်ကြီး ကျတာပေါ့လေ စကစ ၂၇၄ က လှမ်းပစ်တဲ့ဟာဝစ်ဇာ လက်နက်ကြီးကျပြီး အိမ်ရှင်လင်မယားရယ် သူ့သားလေးရယ် အဲဒီရဲဘော်ရယ် ကျဆုံးခဲ့တာပါ” လို့ CDF-Mindat ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီလက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးနဲ့ အခြားဒေသခံ ၂ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။

လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့ရသော CDF-Mindat ရဲဘော်မှာ ဆလိုင်းဘီလီအောင်ထန်းဖြစ်ပြီး ယခင် စစ်အာဏာမသိမ်းခင်က မင်းတပ်မြို့မှာ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးဖြစ်ပြီး အာဏသိမ်းပြီးနောက်ပိုင်းမှာ CDF-Mindat တပ်ထံ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ခလရ (၂၇၄) တပ်ရင်းဟာ မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့မှုတွေရှိသလို လူထိခိုက်သေဆုံးမှုလည်း မကြာခဏရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားဆဲဖြစ်ပါတယ်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here