မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ CDM ရှိ/မရှိ စစ်ကောင်စီ လိုက်လံစုံစမ်းနေ

0
219

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သည့် အစိုးရဝန်ထမ်းများ ရှိ၊ မရှိကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လိုက်လံစုံစမ်းနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

မော်လမြိုင်မြို့ ကတိုးကျေးရွာ၊ ကော့နှပ်ကျေးရွာ၊ ကော့လှကျေးရွာဘက်တွင် ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ကျေးရွာအတွင်း ဧည့်စာရင်းဝင်စစ်သည့်ပုံစံဖြင့် CDM များအကြောင်းကို မေးမြန်းစုံစမ်းနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ (စစ်သား) က ကျွန်တော်တို့ရွာထဲ ဝင်လာပြီးတော့ ဧည့်စာရင်းဝင်စစ်ရင်းနဲ့ မေးတယ်၊ အချို့က အရပ်သားပုံစံနဲ့ လာမေးကြတာလဲရှိတယ်” ဟု ကော့နှပ်ကျေးရွာခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် CDM များအကြောင်းကို လိုက်လံစုံစမ်းနေသည့်အပြင် အင်အားဖြင့် ကျေးရွာအတွင်းဝင်ရောက်ပြီး ဧည့်စာရင်းစစ်ဆေးမှုလည်း ဆက်တိုက်ပြုလုပ်လာသည်ဟုလည်း ဒေသခံတို့က ပြောသည်။

ဧည့်စာရင်းဝင်စစ်ရာတွင်လည်း ဖမ်းဆီးမှုများရှိနေပြီး အချို့က ပြန်လည်းလွတ်မြောက်ရေး ငွေကြေးပေးဆောင်နေရသည်လည်း ရှိသည်။

“ ကျွန်တော် ညဘက် အိမ်ပြန်နောက်ကျလို့ ဖမ်းခံရတယ်၊ အချို့က ပါးရိုက်ခံရတယ်၊ CDM ဝန်းထမ်းအကြောင်းတွေမေးတယ်၊ ရဲစခန်းမှာ ငွေ ၂ သိန်းပေးပြီး ထွက်လာခဲ့ရတယ်” ဟု အဖမ်းခံခဲ့ရသူတစ်ဦးက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်တို့ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ဒေသခံ ၁၀ ဦးထက်မနည်းရှိနေသည်ဟု ကော့လှာကျေးရွာသားတစ်ဦးက ဆိုသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here