ရေးမြို့နယ် လမိုင်းမြို့အနီး အရပ်သားတစ်ဦး မိုင်းနင်းမိ၍ အပြင်းအထန်ဒဏ်ရာရ

0
246

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီးတဝိုက်တွင် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဥ်များ ဆက်တိုက်ပွားနေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒေသခံတစ်ဦး မိုင်းနင်းမိရာမှ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကြိုးတံတားချောင်းအနီးမှာ ရှိနေတဲ့ ခြံကနေ စျေးထွက်ဝယ်ရင်းနဲ့ မိုင်းနင်းမိသွားတယ်။ ခြေထောက်တစ်ဖက် ထိသွားတယ်။ ဒီကြိုးတံတားချောင်း တဝိုက်မှာ ဒီတခါပါဆို ၄ ခါရှိသွားပြီး မိုင်းမိနေတာ။ အသွားအလာတော့ သတိထားရမယ်” ဟု လမိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မော့ကနင်းကျေးရွာနေ အသက် ၅၉ နှစ်အရွယ် ဦးညွန့်ဝေဆိုသူသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ နံနက် ၉ ခွဲအချိန်ခန့်က ၎င်းပိုင်ဆိုင်သည့် ကြိုးတံတားချောင်းအနီးရှိ ခြံမှ စျေးဝယ်ထွက်လာစဥ် မြေမြုပ်မိုင်းနင်းမိသွားခြင်း ဖြစ်သည်။

မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးညွန့်ဝေ၏ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရသည်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်က မော့ကနင်ကျေးရွာမှ အမျိုးသားတစ်ဦးလည်း ဆိုင်ကယ်ဖြင့် ကြိုးတံတားကျေးရွာအနီးတွင် မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

အလားတူ ဇန္နဝါရီလ ၃၀ ရက်နေ့က ကြိုးတံတားကျေးရွာအနီးတွင် ရေပိုက်လိုက်ပြင်သည့် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

လမိုင်းမြို့ ကြိုးတံတားကျေးရွာအနီးတဝိုက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ကစတင်ပြီး မြေမြုပ်မိုင်းနင်းမိသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ဒေသခံများ မြေမြုပ်မိုင်းနင်းမိမှု ၄ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လမိုင်းဒေသတွင် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားနေပြီး ဥယျာဉ်ခြံ အလုပ်လုပ်ကိုင်ရန်လည်း အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

အခြားဒေသခံတစ်ဦးက “မိုင်းခဏခဏထိနေတော့ ခြံတောင်မသွားရဲကြတော့ဘူး အခု။ လူသွားလမ်းတွေမှာပဲ ထိနေတယ်ဆိုတော့ ကြောက်ကြတယ်လေ” ဟု ပြောသည်။

မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေသည့် ကြိုးတံတားကျေးရွာအနီးသည် စစ်ကောင်စီတပ် စခန်းချထားသည့် နေရာတစ်ခုဖြစ်ပြီး ဒေသတွင်း သွားလာလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းများက မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းများ၊ တံတား စစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here