မင်းတုန်းမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် တိုက်ခိုက်ခံရ

0
187

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာတွင် ဇန္နဝါရီလ ၇ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးပြား၏ အိမ်ကို သရက်၊ မင်းတုန်း၊ ကံမ ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

အသက် ၄၀ အရွယ် မင်းတုန်းဒေသခံတစ်ဦးက ”အုပ်ချုပ်ရေးမှူး ဖိုးပြားကို ကြိမ်းနေတာကြာပြီ။ သူကြောင့် ကျနော်တို့ပြည်သူတွေ ဒုက္ခရောက်ရတာများပြီ။ ထွေအုပ်နဲ့ စကစရဲ့ တကယ့် ဒလံအကြီးစားပေါ့” ဟု ပြောသည်။

စပါးတန်းကျေးရွာ အုပ်ချုပ်ရေးမှူးဖိုးပြားကို လုံခြုံယူရေးပေးထားသည့် အစောင့်အရှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ အရက်သောက်နေကြစဉ် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးဖိုးပြားသည် သူ၏မိသားစုနေထိုင်သော စပါးတန်းကျေးရွာထိပ်ရှိ နေအိမ်က ဝပ်ရှော့တွင် ညပိုင်းတွင်မနေဘဲ အိမ်နှင့် ၃ ဖာလုံခန့်ဝေးသော ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ ဘိလိယက်ခုံနှင့် အပမ်းဖြေရိပ်သာတွင် ညစဉ်နေလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်-မုံရွာ လမ်းပေါ်ဖြတ်သွားသည့် သစ်မှောင်ခိုကားများ၊ နွားမှောင်ခိုကားများကို တာဆီး ငွေကြေးတောင်းခံကာ မထင်ရင်မထင်သလို သေနတ်ပစ်ဖောက် လိုက်လံဖမ်းဆီးမှုများ လုပ်လေ့ရှိသူဟု ဒေသခံများက ပြောသည်။

PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ဦးဖိုးပြား၏ ကားမှာ ပျက်စီးသွားသည့်အပြင် ကားခေါင်းခန်းတွင်ထားသည့် အုပ်ချုပ်ရေးမှူးကိုင်သည့် သေနတ်တလက်လည်း ပါဝင်သွားသည်ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် အဆိုပါ တိုက်ခိုက်မှုတွင်း သရက်၊ မင်းတုန်း၊ ကံမ ပူးပေါင်း ပကဖ Eagle force တပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖုန်းတလုံးလည်း သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း ဘုမ္မဝတီ လိုင်းကားပေါ်ပါ အဲယားကွန်ပရက်စာလေအိုးထဲတွင် ထည့်သွင်းသယ်ဆောင်လာသည့် သေနတ်အရှည် ၂ လက် သိမ်းဆည်းခံရမှုသည် ဦးဖိုးပြား၏ သတင်းပေးမှုကြောင့်ဖြစ်ကြောင်းနှင့် ထိုသို့ သတင်းပေးလုပ်နေသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပကခ ပူးပေါင်းအဖွဲ့များက ထုတ်ပြန်ပြောဆိုထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here