ကွတ်ခိုင်မြို့နယ်အတွင်း ၁၄ နှစ်အရွယ် အိမ်ဖော်ကို အိမ်ရှင်က ၃ လကျော် အဓမ္မပြုကျင့်ခဲ့ဟုဆို

0
278

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ အသက် ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီး ကလေးငယ်တစ်ဦးကို အိမ်ရှင်အမျိုးသားက ၃ လကျော်ကြာ အဓမ္မပြုကျင့်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

အသက် ၁၄ နှစ်အရွယ် လွေး (အမည်လွှဲ) မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လကတည်းက အဆိုပါအိမ်တွင် အလုပ်လုပ်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အမျိုးသားက ၎င်း၏အမျိုးသမီး နေအိမ်တွင်မရှိချိန် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ကွတ်ခိုင်မြို့နယ်မှာ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခမ်းမတ်က “ဖြစ်စဥ်ကတော့ အဲဒီကလေးကို အဓမ္မပြုကျင့်တဲ့ တရုတ်ဘိုးတော်က သူ့အမျိုးသမီးက တအာင်းလူမျိုးဖြစ်တယ်။ သူတို့နှစ်ယောက်က ကလေးနှစ်ယောက် ရှိထားတယ်။ တရုတ်ပြည်ဘက် အလုပ်သွားလုပ်ဖို့ တခြားရွာက ကလေးမလေးကို ကလေးထိန်းဖို့ခေါ်ထားတယ်။ ဖြစ်ချင်တော့ အဲ့အမျိုးသမီးက အရင်အလုပ်သွားလုပ်ပြီး သူ့အမျိုးသားနဲ့ ကလေးမလေးက အိမ်မှာရှိနေတယ်။ အဲ့အချိန်မှာဖြစ်တာ” ဟု ပြောသည်။

ထို့နောက် “ကလေးရဲ့ အဓမ္မပြုကျင့်ခံရတဲ့ဟာ ပထမအကြိမ်က ၁၀ လပိုင်းထဲမှာဖြစ်တယ်။ အဲ့ဒီ ညက ၈ နာရီလောက်မှာ အဲ့အမျိုးသားက ကလေးမလေးကို ခေါ်တယ်။ မက်ကလောင်ခြစ်ပေးအုံးတဲ့။ ခြစ်ပေးပြီးနောက် ကလေးမလေးကို နပန်းထလုံးတယ် ပြီးတေယ့ အဓမ္မပြုကျင့်လိုက်တယ်။ သူ့အဝတ်စားတွေ ဆွဲချွတ်လိုက်ချိန်မှာ ကလေးမက အော်မလို့လုပ်တော့ အဲ့တရုတ်ဘိုးတော်က သူ့ပါးစပ်ကို ပိတ်လိုက်တယ်။ အဲ့ချိန် သူအော်လို့မရတော့ဘူး အသက်ရှူကြပ်သွားတယ်တဲ့။ အဲ့ကနေ အလိုမတူပဲ အဓမ္မပြုကျင့်လိုက်တယ်။ အဲ့နောက်တော့ တရုတ်ဘိုးတော်က နင်တစ်ခုခုဖြစ်ရင် နင့်ကိုတာဝန်ယူမယ်” ဟု ဒေါ်ခမ်းမတ်က ပြောသည်။

အသက် ၁၄ နှစ်အရွယ် လွေး (အမည်လွှဲ) အား အိမ်ရှင်အမျိုးသား ဦးလော်တာဖူမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကတည်းက အဓမ္မပြုကျင့်ခံရပြီးနောက် အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ခမ်းမတ်က ပြောသည်။

လွေးသည် စိတ်မနှံသည့် မိခင်အပြင် အဖွားဖြစ်သူတို့နှင့် အတူနေထိုင်သည်။ မိသားစုမှာ ငွေရေးကြေးရေးခက်ခဲသောကြောင့် ကျောင်းမတက်ရဘဲ တစ်လလျှင် ကျပ်တစ်သိန်းဖြင့် အဆိုပါ ဦးလော်တာဖူအိမ်တွင် ကလေးထိန်းရန် လာနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအိမ်ရှင် အမျိုးသားသည် လွေးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ငွေကျပ် ဆယ်သိန်းပေးပြီး အိမ်ပြန်ရန်ပြောရာ လွေးက သူမ၏ အဖွားဖြစ်သူထံ ဖုန်းဆက်ကာ ဖြစ်စဉ်ကို ပြောပြရာမှ လက်ရှိတွင် ကွတ်ခိုင်မြို့နယ်ရှိ အမျိုးသမီးရေးရာရုံးတွင် ခေါ်ဆောင်ထားခြင်းဖြစ်သည်။

ထို့နောက် လွေးအား ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုင်းတို့ကို စစ်ဆေးပေးကာ အနီးကပ် စောင့်ရှောက်ပေးထားရသည်ဟု ကွတ်ခိုင် အမျိုးသမီးရေးရာရုံး တာဝန်ရှိသူက ပြောသည်။

အလားတူ လွေးအား အဓ္ဓမပြုကျင့်ခဲ့သည့် တရုတ်အမျိုးသား ဦးလော်တာဖူကိုလည်း ဇန္နဝါရီလ ၄ ရက်နေ့က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ပြောသည်။

ကွတ်ခိုင်ဒေသမှာ လုပ်ရှားနေသည့် TNLA တာဝန်ရှိသူတစ်ဦးက “နှစ်မျိုးဖြစ်တာပေါ့ဗျာ။ သူက မုဒိမ်းကျင့်တာလည်းဟုတ်တယ်။ နောက်တစ်မျိုးကျတော့ အဲ့ဒီယောက်ကျားက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပုံစံမျိုးပေါ့ဗျာ။ တရုတ်ရဲ့ မယားဖြစ်တဲ့သူကလည်း သူ့ယောက်ကျားကို မပေါင်းတော့ဘူးဗျာ။ သူ့ယောက်ကျားက ဖောက်ပြန်ပြီဆိုတော့။ သူ့အပြစ်နဲ့သူ ခံစေချင်တယ်ပေါ့ဗျာ။ အခုက ရဲဖက်ကတော့ မဆုံးဖြတ်ရသေးဘူးပေါ့ နော်။ ဒီအတိုင်းပဲ ထားသေးတယ်။ သူတို့က ရဲက တရားရေးကို တင်ရမယ့်ဟာဆို တရားရေးကိုတင်မယ်။ အုပ်ချုပ်ရေးနဲ့ ဆုံးဖြတ်ရမယ့်ဟာဆို အုပ်ချုပ်ရေးအဖွဲ့နဲ့ပဲ သွားတယ်” ဟု ပြောသည်။

လွေးအား အဓမ္မပြုကျင့်ခဲ့သည့် အဆိုပါ အိမ်ရှင်အမျိုးသားအား ကွတ်ခိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က TNLA ထံ တိုင်ကြားရာမှ လက်ရှိတွင် စစ်ဆေးမှုများ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားကို ကွတ်ခိုင်ဒေသအတွင်းက TNLA ထိန်းချုပ်ထားသည့် နေရာတစ်နေရာတွင် ဖမ်းဆီးစစ်ဆေးနေပြီး အမှုအား PSLF/TNLA ၏ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောသည်။

NMG-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here