ကျောက်မဲမြို့မှ လက်နက်မှုနှင့် ပြစ်ဒဏ်ချခံရသူ လူငယ်များမှာ အပြစ်မရှိကြောင်း မိသားစုဝင်များက ပြောဆို

0
207

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် လက်နက်သယ်ဆောင်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်စီ ချခံလိုက်ရသည့် လူငယ်လေးဦးမှာ မတရားဖမ်းဆီး ပစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

အဆိုပါ လူငယ်များထံမှ လက်နက်တွေ့ရှိမှုနှင့် လက်နက်သယ်ဆောင်မှုနှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉-က နှင့် တရားစွဲဆိုပြီးနောက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယာဉ်မောင်း ကိုပြည့်ဖြိုးမောင်၏ အစ်မတော်စပ်သူက “ဘာကိစ္စမှ အဲ့လို ဥပဒေနဲ့ မလွတ်ကင်းတဲ့ကိစ္စ ဘာမှ သူ့ ကားပေါ်မှာ သယ်တာမရှိဘူး။ တခါမှလည်း သူဒီလိုမျိုး အလုပ်ဘူး။ ရိုးရိုးသားသားပဲ မောင်းတာ။ ခေါက်ကြေးယူပြီးမှပဲ မောင်းတာ။ အစ်မမောင်က အစ်မတို့ အဲ့လိုမျိုး ဥပဒေနဲ့ မလွတ်ကင်းတဲ့ အဲ့လို သစ်တို့ ဆေးတို့ ဘာမှ လုံးဝလုံးဝ တစ်ခုမှ မလုပ်ဘူး သူက။ သစ္စာဆိုရဲတယ် အစ်မတို့လေ သူကအဲ့လိုမျိုးတစ်ခုမှ မလုပ်ဘူး” ဟု ပြောသည်။

ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခံရသူများမှာ ကျောက်မဲမြို့ သိန်းစံကားဂိတ်မှ အသက် ၃၁ နှစ်အရွယ် ယာဉ်မောင်း ကိုပြည့်ဖြိုးမောင်၊ ယာဉ်နောက်လိုက် ကိုအောင်ကျော်မိုး၊ အိုးဝေယာဉ်မောင်း ကိုမင်းခန့်သော်နှင့် ကိုရဝေဦးတို့ ဖြစ်ကြသည်။

သိန်းစံကားဂိတ်မှ ယာဉ်မောင်း ကိုပြည့်ဖြိုးမောင်နှင့် ယာဉ်နောက်လိုက် ကိုအောင်ကျော်မိုးတို့ နှစ်ဦးကို နောင်ချို တိုးဂိတ်အရောက် ကားပေါ်တွင် တင်ဆောင်လာသည့် လက်ဖက်ခြောက်အိတ်ထဲတွင် လက်နက်တွေ့ရှိမှုနှင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည် မိသားစုဝင်များက ပြောသည်။

ယာဉ်မောင်း ကိုပြည့်ဖြိုးမောင်သည် ၎င်း၏ကားထွက်ရန် အလှည့်ကျချိန်မဟုတ်ဘဲ ဂိတ်မှ တာဝန်ရှိသူက ဖုန်းဆက်အကူအညီတောင်းသောကြောင့် အဆိုပါကားကို သွားမောင်းချိန်တွင် လက်နက်သယ်ဆောင်လာသည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ကားဂိတ်တာဝန်ရှိသူများက ကားပေါ်တင်ပါလာသော ပစ္စည်းများကို သေချာစစ်ဆေးခြင်းမလုပ်ခဲ့သည့်အပြင် ယခု ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိဘူးဟု မိသားစုဝင်များက ပြောသည်။

အလားတူ တရားရုံးမှလည်း အဆိုပါ သိန်းစံကားဂိတ်ကို ခေါ်ယူ စစ်ဆေးမေးမြန်းခြင်းပင် မရှိခဲ့ဘူးဟု ဆိုသည်။

မိသားစုဝင်တစ်ဦးက “စဖြစ်ဖြစ်ချင်းတုန်းက ပေါ့နော်။ သူတို့ အဲ့လိုမျိုး တာဝန်ယူမယ်ထင်လို့ပေါ့နော်။ သူတို့ (ကားဂိတ်ဘက်) က ပြောတယ် လုပ်ပေးနေတယ်။ နင်တို့သိလို့မရဘူး။ နင်တို့သိလို့ရတဲ့ အရာမဟုတ်လို့ ငါတို့ ပြောပြလို့မရဘူးဆိုပြီးတော့မှ သူက အဲ့လိုမျိုးပြောတယ်။ နင်တို့ငါတို့ကို ခဏခဏ လာပြီးဖုန်းမဆက်နဲ့။ ငါတို့ လုပ်ပေးနေတယ်။ အဲ့လိုမျိုးပြောပြီးတော့ မောင်က လွတ်မလာဘူး” ဟု ပြောသည်။

ထို့အပြင် ကိုပြည့်ဖြိုးမောင်နှင့်ဆက်စပ်၍ အိုးဝေယာဉ်မောင်းဖြစ်သူ ကိုမင်းခန့်သော်မှာ ကားဂိတ်တွင် ပစ္စည်းသွားယူချိန်တွင် ထပ်မံဖမ်းဆီးခံရ ခြင်းဖြစ်သည်။

အလားတူ ကိုမင်းခန့်သော်၏ သူငယ်ချင်းဖြစ်သည် ကိုရဝေဦးဆိုသူက ၎င်း၏မွေးနေ့ဖြစ်သည့်အတွက် ဖမ်းဆီးစစ်ဆေးခံနေရသူ ၎င်းအား ဘီယာတိုက်ရန် ဖုန်းဆက်ခေါ်ချိန် တိုက်ဆိုင်ကာ တစ်ပါတည်း ထပ်မံဖမ်းဆီးခံလိုက်ခဲ့ရခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ယာဉ်မောင်း ကိုပြည့်ဖြိုးမောင်၊ ယာဉ်နောက်လိုက် ကိုအောင်ကျော်မိုး၊ အိုးဝေယာဉ်မောင်း ကိုမင်းခန့်သော်နှင့် သူငယ်ချင်းဖြစ်သူ ကိုရဝေဦးတို့ ၄ ဦးသည် ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်စီ ချလိုက်ခြင်းဖြစ်သည်။

ထို့နောက် ယခုနှစ် ဇန္နဝါရီလ ၂ ရက်နေ့တွင် လားရှိုးအကျဉ်းထောင်သို့ ပို့လိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

ယခုဖမ်းဆီးခံရသူ ယာဉ်မောင်း ကိုပြည့်ဖြိုးမောင်နှင့်အဖွဲ့သည် မတရားဖမ်းဆီး ထောင်ချခံရခြင်းဖြစ်သောကြောင့် အမြန်ဆုံးပြန်လွတ်ပေးရန်နှင့် သိန်းစံကားဂိတ်မှလည်း တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်ပေးစေချင်သည်ဟု မိသားစုဝင်များက ပြောသည်။

NMG-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here