ရွေးကောက်ပွဲအတွက်ဟုဆိုကာ မောင်တောမြို့နယ်အတွင်း မဲစာရင်းကို ကောက်ခံနေဟုဆို

0
155

စစ်ကောင်စီက ယခုနှစ် သြဂုတ်လတွင် ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲအတွက် မောင်တောမြို့နယ်မှ ကျေးရွာတစ်ချို့တွင် ယနေ့မှစတင်ကာ လူဦးရေစာရင်း ကောက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။

“ဒီမှာတော့ ကောက်နေကြပြီ၊ မူဆလင်ကျေးရွာတွေကိုလည်း ကောက်တယ်။ မဲစာရင်းအတွက်လို့ပြောတယ်။ အိမ်ထောင်စုစာရင်းနဲ့ ကောက်တာပါ” ဟု အောင်ဗလ ကျေးရွာသားတစ်ဦးကပြောသည်။

အလားတူ မောင်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း လူစာရင်းကောက်ယူမှုမှာ မှန်ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

“ဟုတ်ပါတယ်။ ဒီဘက်မှာ ကောက်နေပါတယ်။ အထွေထွေအုပ်ချုပ်ရေးဌာနက လူတွေနဲ့ ရပ်ကျေး အုပ်ချုပ်ရေးက ကောက်နေတာပါ” ဟု ၎င်းက ပြောသည်။

မောင်တောမြို့ပေါ်တွင်လည်း လူဦးရေစာရင်းကို ယနေ့နံနက် ၁၀ နာရီတွင် ကောက်ခံမည်ဟု ကြေငြာခဲ့သော်လည်း လက်ရှိအချိန်အထိ ကောက်ခံမှု မရှိသေးကြောင်း မြေင်တောမြို့ခံတစ်ဦးက ပြောသည်။

မင်းပြားမြို့တွင် စစ်တပ်က စာရင်းကောက်ယူရန် အထွေထွေအုပ်ချုပ်ရေးဌာနကို ပြောဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကောက်ယူမှု မရှိသေးကြောင်း မင်းပြားဒေသခံ တစ်ဦးကပြောသည်။

“မြို့ထဲမှာတော့ စစ်တပ်က ကောက်ခိုင်းနေတယ်လို့ပြောနေကြတာ ရှိတယ်။ ရွာတွေဘက်မှာတော့ ကောက်တာ မရှိသေးဘူး။ အုပ်ချုပ်ရေးမှူးကလည်း အဲဒီအကြောင်း ရွာသားတွေကို တခုမှမပြောသေးဘူး” ဟု ပြောသည်။

ရခိုင်ပြည်တစ်ခုလုံး လူဦးရေစာရင်းကို အိမ်ထောင်စုစာရင်းနှင့် အိမ်တိုင်ယာရောက်ကောက်ယူရန် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် လူပေါင်း ၁၀၉ ဦးကို တရက်ကြာ သင်တန်းပေးခဲ့သည်။

လူပေါင်း ၆၀၀၀ ကျော်ကို အဖွဲ့ပေါင်း ၁၂၉၀ ဖွဲ့ပြီး ရခိုင်ပြည်ရှိ မြို့နယ်အားလုံးနှင့် ပလက်ဝမြို့နယ်တို့တွင် တစ်ပြိုင်တည်း လူဦးရေစာရင်းကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ကောက်ယူမည်ဟု ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း သူ့လူမှုကွန်ယက်စာမျက်နှာတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေးသားခဲ့သည်။

အလားတူ မြောက်ဦးမြို့နယ်က ကျေးရွာများတွင်လည်း လူဦးရေစာရင်း ကောက်ယူမှုမရှိသေးကြောင်း ဒေသခံတစ်ယောက်က ပြောသည်။

“မရှိဘူး။ အဲဒီကြောင်း ဘာမှလုပ်တာ မတွေ့ရသေးဘူး။ ကောက်၊ မကောက်ဆိုတာ ရွာကအုပ်ချုပ် ရေးမှူး ဘဲသိမယ်။ အနီးအနားက ရွာတွေမှာလည်း ကောက်တယ်လို့တော့ မကြားမိဘူး” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်ဘက်တွင်လည်း စာရင်းကောက်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ကောက်ခံမှု မရှိသေးကြောင်း ဒေသခံများကပြောသည်။

ခိုင်လူလှ(ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here