“ရွေးကောက်ပွဲဖြစ်ဖို့ မသေချာ၊ ကြားဖြတ်အစိုးရသစ် လာလိမ့်မယ်၊ သေချာတာက ပါတီတွေအားလုံး မှတ်ပုံတင်အသစ် ပြန်တင်ရမယ်” ဦးစောသန်းမြင့် (ဥက္ကဌ ၊ FUP)

0
573

ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ပါတီ ဥက္ကဌ ဦးစောသန်းမြင့်နှင့် အမေးအဖြေ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားအပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကြံ့ခိုင်ရေးပါတီနှင့် အခြားပါတီခေါင်းဆောင်များတွေ့ဆုံခဲ့သည့် သတင်းများလည်း ထွက်ပေါ်ခဲ့ရာ ယင်းအခြေအနေကို သိရှိနိုင်ရန် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သော FUP ပါတီ ဥက္ကဌ ဦးစောသန်းမြင့်အား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီနဲ့ တခြားပါတီတွေတွေ့ကြတယ်လို့ ကြားတယ်၊ ဘာတွေ ဆွေးနွေးကြလဲခင်ဗျ။

ဖြေ။ ။ အဲ့ဒါက ပါတီခေါင်းဆောင်တွေနဲ့ သူတို့လူသစ်တွေနဲ့ မိတ်ဆက်ပေးတာ။ မိတ်ဆက်ပြီးတော့ နေ့လည်စာကျွေးတယ်။ သူတို့ လူသစ်တန်းတွေ ပြန်ပြီးတော့ ရွေးထားတယ်မလား ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး အသစ်တွေနဲ့ ပါတီခေါင်းဆောင်တွေနဲ့ အချင်းချင်း မိတ်ဆက်ပေးတယ်။ မိတ်ဆက်ပြီးတော့ နေ့လည်စာကျွေးတယ်။

မေး။ ။ ကာချုပ်နဲ့ တွေ့တဲ့ဆီမှာရော ဘာတွေပြောသေးလဲခင်ဗျ။

ဖြေ။ ။ အဲ့လိုတော့ မရှိဘူး ။ ညစာစားတာပဲ ရှိတယ်။ ညစာစားတဲ့အချိန်တော့ စကားလည်းတစ်ခွန်းမှ မပြောဘူး။ ညစာစားတဲ့အခါ ဖျော်ဖြေရေးလုပ်တယ်။ ဒါပါပဲ။ ဘာမိန့်ခွန်းမှ မပြောဘူး။

မေး ။ ။ ရွေးကောက်ပွဲကလည်း လုပ်မယ်လို့သာ ပြောတာ လက်ရှိနိုင်ငံမှာ လုံခြုံရေးအနေအထားအရ လုံခြုံရေးပေးနိုင်တဲ့ အနေအထားရှိပါ့မလား။ ရွေးကောက်ပွဲက ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ မရှိဘူး။ မရှိဘူး။ ရွေးကောက်ပွဲက ဖြစ်မယ်။ အချိန်အတိုင်းအတာ မသိဘူး။ သူတို့က ပြောတယ်၊ တိုင်းပြည် တည်ငြိမ်အေးချမ်းသွားမှ လုပ်မယ်တဲ့ အဲ့ဒါပဲ။ အရင်တုန်းကတော့ သြဂုတ်ပြောတယ်မလား ။ ၂၀၂၃ ဩဂုတ်လို့ ပြောတယ်။ အခုတော့ စကားနည်းနည်းလေး ပြင်ပြောလာတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းလာရင် လုပ်မယ်ပေါ့နော်။ ဘယ်အချိန်လဲဆိုတာတော့ ယတိပြတ်ပြောလို့ မရသေးဘူး။ အခုလိုပုံစံနဲ့က လုပ်လို့မှ မရတာ။ နောက်ပြီးတော့ ဟိုပုဂ္ဂိုလ်က ပြောထားတယ်မဟုတ်လား အကြားအလပ်မရှိဆိုတာ။ တစ်နိုင်ငံလုံး အကြားအလပ်မရှိလုပ်မယ်ဆိုတော့ ဘယ်မြို့နယ်မှ မချန်ဘူး။ အဲ့ဒါဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ မဖြစ်နိုင်ဘူးထင်တယ်။ သူတို့ Target date က မသိသေးဘူးလေ။ သူတို့ ဒီကြားထဲမှာ တရားဥပဒေစိုးမိုးရေး ဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ နောက်ပြီးတော့ အစိုးရသစ် ပြန်လာတော့မှာကိုး။ ဇန်နဝါရီ ၂၀ နဲ့ တတိယအပတ်လောက်ဆို သူတို့ ကျေညာမယ်ထင်တယ်။ နောက်လာမယ့် ကြားဖြတ်ပေါ့။

‌မေး။ ။အသံသဲ့သဲ့တော့ ကြားနေရတယ်။ ဘယ်လိုပုံစံမျိုးဖြစ်နိုင်မလဲ အန်ကယ်။

ဖြေ။ ။ ကြားဖြတ်လို့ နာမည်ပဲ ပြောင်းမယ်ထင်ပါတယ်။ ဘော်ဒီကတော့ ဒီဘော်ဒီပဲ ဖြစ်မယ်ထင်တယ်။ မဟုတ်ရင်လည်း အပြောင်းအလဲ ရှိရင်လည်း ရှိမှာပေါ့။

မေး။ ။ ဦးမြင့်ဆွေကို ဦးတည်ပြီး ကြားဖြတ်အစိုးရ ဖွဲ့မယ်ဆိုတာမျိုးလည်း ကြားနေရတော့ အဲ့ဒီအနေအထားရော ဖြစ်နိုင်မလားဗျ။

ဖြေ။ ။လောလောဆယ်လည်း သူက သမ္မတပဲလေ။ လောလောဆယ်လည်း သူက သမ္မတတာဝန်ပဲ။ သမ္မတ တာဝန်ဆိုပေမယ့် လုံးလုံး ရုပ်သေး အစိုးရပေါ့။ အမှန်ဆိုရင် ဒီလိုနေ့မျိုးကို သူပြောရမှာလေ။ လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ဆို သူမိန့်ခွန်းပြောရမှာကိုး ။ အခုက အပြင်တောင် မထွက်ဘူး ။ အဲ့တော့ တကယ့် ရုပ်သေး သမ္မတပေါ့။

မေး။ ။ ဒါဆိုရင် ၂၀၂၃ ခုနှစ်လုပ်မယ့် ရွေးကောက်ပွဲက ဖြစ်နိုင်ချေ တော်တော်နည်းသွားပြီထင်တယ်။

ဖြေ။ ။ နောက်တက်လာမယ့် အစိုးရပေါ်မှာ မူတည်မှာပေါ့။ တရားဥပဒေစိုးမိုးရေးကို အချိန်တို အတွင်းမှာ ဆောင်ရွက်နိုင်မလား ။ မဆောင်ရွက်နိုင်ဘူးလား ။ မဆောင်ရွက်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲက နောက်ဆုတ်သွားမှာလေ။

မေး။ ။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကလည်း အကုန်ပြီးပြတ်သွားပြီဆိုတော့ လွှတ်မယ်ဆိုရင်လည်း လွှတ်လို့ရတဲ့ အခြေအနေဆိုတော့ လွှတ်လာရင် နိုင်ငံရေး အခြေအနေက ဘယ်လိုဖြစ်လာမယ်လို့ ခန့်မှန်းသလဲ အန်ကယ်။

ဖြေ။ ။ ငါ့အထင်ကတော့ မထင်ဘူး ။ ဒီအတိုင်းပဲ သူ့ကိုအကောင်းဆုံးလုပ်ပေးနိုင်တာက အရင်ကလို နေအိမ်အကျယ်ချုပ်ပေါ့။ ဒါက အကောင်းဆုံးအစီအစဉ် အဲ့လောက်ပဲ ဖြစ်မယ်လို့ ထင်တာပေါ့လေ။ ထင်ရတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ကို လွှတ်လိုက်ရင် ရွေးကောက်ပွဲဝင်လည်း (စစ်အုပ်စု) ရူံးမှာပဲလေ။ သူတို့ (စစ်အုပ်စု) က အရှုံးခံမှာမဟုတ်ဘူး။ အရှုံးမခံဘူး။ ထုံးစံအတိုင်းပဲ လွှတ်မယ် မထင်ဘူး။ ဦးသိန်းစိန်လို သဘောကောင်းမယ် မထင်ဘူး။

မေး။ ။ ဒါဆိုရင် အရင်က PR ကို တိုင်းရင်းသားပါတီတွေက ကန့်ကွက်ထားတော့ အခုလက်ခံလိုက်ပြီလား။ ပါတီဆို ၂၀၁၀ တုန်းက အနိုင်ရ တိုင်းရင်းသား ပါတီတွေပေါ့။

ဖြေ။ ။ အခု လက်ခံလိုက်ပြီ။ PR နဲ့ ပတ်သက်ပြီးတော့ အကြေအလည်ဆွေးနွေးတယ်လေ သုံးကြိမ်။ ဆွေးနွေးပြီးမှ အားလုံးသဘောတူထောက်ခံတဲ့ အနေအထားမျိုး လုပ်လာတယ်။ အဲ့တော့ PR ကတော့ သေချာသွားပြီ ။ ဒါပေမယ့် အခုအထိ ဥပဒေနည်းဥပဒေတွေ မထုတ်ပြန်သေးဘူး။

မေး။ ။ PR မှာလည်း အမျိုးမျိုးရှိတော့။

ဖြေ။ ။ အဲ့ဒါတွေက ပြီးသွားပြီ။ PR က အားလုံးပြီးသွားပြီ ဒါပေမယ့် တိတိကျကျပေါ့နော်၊ ဘယ်လို PR နဲ့ လုပ်မယ်ဆိုတာ စာအုပ်ထုတ်ထားပြီးပြီလေ။ PR ဆိုပြီးမှ စာအုပ်ထုတ်ထားတယ် Update ။ ဘယ်လောက်မှ မပါဘူး။ စာရွက် လေးငါး ခြောက်ရွက်ပဲပါတယ်။ အခုလုပ်မယ့် ဟာပေါ့နော်။ ကော်မရှင်တွေမှာတော့ ရှိလိမ့်မယ်။ အဲ့ဒီအတိုင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပြီလေ။ ချပြီးသား အဲ့ဒီလမ်းစဉ်အတိုင်းပဲ သွားမယ် ဒါပေမယ့် အသေးစိတ် ဘာမှ မထုတ်ပြန်သေးဘူး။ အခုက အခြေခံပဲ ထုတ်ပြန်သေးတာလေ။ နောက်ထပ် PR နဲ့ ပတ်သက်တဲ့ ဥပဒေ နည်းဥပဒေတွေ အသေးစိတ် ထုတ်ပြန်ရဦးမယ်။

နောက် သေချာတာ တစ်ခုက အစိုးရအပြောင်းအလဲ ဖြစ်ပြီးရင် ကော်မရှင်က ဥပဒေအသစ်ထုတ်ပြန်လိမ့်မယ်။ ဒီလတော့ မထုတ်ပြန်လောက်ဘူးထင်တယ်။ ဒီအစိုးရအဟောင်းမှာတော့ မထုတ်ပြန်လောက်ဘူးထင်တယ်။ အဲဒီဥပဒေ ထုတ်ပြန်ပြီးသွားရင် လက်ရှိပါတီအားလုံးက အလိုအလျောက် ပျက်ပျယ်သွားမယ်။ ပြီးရင်အားလုံး အသစ်ပြန်တင်ရမယ်။

မေး။ ။ နောက်တစ်ခု ကြားထားတာက ပါတီတွေ မှတ်ပုံပြန်တင်ရရင် တစ်နိုင်ငံလုံးဆို သိန်းတစ်သောင်း ပြည်နယ်တစ်ခုထဲဆို သိန်းတစ်ထောင် စပေါ်တင်ရမယ်လို့ ပြောတာလည်းကြားထားတော့ အဲ့ဒီအပေါ်မှာရော အန်ကယ်တို့ သိထားတာ များရှိထားလားခင်ဗျ။

ဖြေ။ ။ အရင်က ကောလာဟာလ ထွက်တာကတော့ ပါတီဝင် တစ်သိန်းရယ် သိန်းတစ်ထောင်ရယ်ပေါ့။ ပါတီဝင်က တစ်သိန်းပြည့်ရမယ် ။ သူတို့ကို Deposit တင်ရမှာက သိန်းတစ်ထောင် ။ တစ်နိုင်ငံလုံးပေါ့ ။ ဟိုဟာကျတော့ သိန်းတစ်ရာနဲ့ လူဦးရေ တစ်သောင်း ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ နစကမှာပါတဲ့ ပါတီခေါင်းဆောင်တွေက ကန့်ကွက်ထားတယ်။ များလွန်းတယ် မဖြစ်နိုင်ဘူးပေါ့။ အဲ့ဒီကန့်ကွက်တဲ့ အတွက် ပြောင်းလဲသွားလိမ့်မယ်။

မေး။ ။ ပြည်နယ်တစ်ခုထဲပြိုင်ရတဲ့ တိုင်းရင်းသားပါတီငယ်လေးတွေကျတော့ မတန်ဘူးပေါ့။

ဖြေ။ ။ မတန်ဘူးလေ။ အဲ့ဒါကို ပြန်ပြင်လိမ့်မယ်။ အဲ့ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး။ နစကမှာပါတာက ပါတီခေါင်းဆောင်တွေပါတာကိုး ။ ဦးစောဒယ်နီရယ်တို့ ၊ ဦးသိန်းညွှန့်တို့ ၊ ဒေါ်အေးနုစိန်တို့ စသဖြင့်ပေါ့ ။ အဲ့ဒါကို ကန့်ကွက်ထားတယ်။ ကန့်ကွက်ထားတော့ အဲ့ဒီအစီအစဉ်က အဲဒီလောက် မဟုတ်တော့ဘူးပေါ့။ အဲ့လောက်မဟုတ်တော့ဘူး လျော့သွားမယ်။ ဟိုဟာကသေချာတယ်။ ပါတီတွေက အလိုအလျောက် ။ ကော်မရှင်ဥပဒေ အသေးစိတ် ထုတ်ပြန်လိမ့်မယ်။ သိသလောက်ကတော့ နစက ကနေ ထုတ်ပြန်လိုက်ပါဆိုရင် ထုတ်ပြန်ဖို့ အဆင်သင့် ဖြစ်နေတယ်။ ဒါပေမယ့် ညွှန်ကြားချက်မရသေးတော့ မထုတ်ပြန်သေးတာ။ ထင်တာက ဒီအစိုးရလက်ထက်မှာတော့ မထုတ်ပြန်တော့ဘူးထင်တယ်။ နောက်လာမယ့် အစိုးရသစ် လက်ထက်မှာမှ ထုတ်ပြန်လိမ့်မယ်။

မေး။ ။ အန်ကယ့်အနေနဲ့ရော FUP ပါတီအနေနဲ့ ရွေးကောက်ပွဲပြန်ဝင်မလား အန်ကယ်။

ဖြေ။ ။ သူတို့ရဲ့ ထုတ်ပြန်တဲ့ အပေါ်မှာပဲ မူတည်မှာပေါ့။ ပုံမှန်ပဲဆိုရင်တော့ ပုံမှန်ပဲ ဆက်လုပ်သွားမှာပေါ့ ။ တကယ်လို့ မနိုင်တဲ့ အတိုင်းအတာဖြစ်လာမယ်ဆိုရင်တော့ မလုပ်တော့ဘူးလေ။ မလုပ်တော့ပဲနဲ့ ကျားဖြူနဲ့ပဲ မိခင်ပါတီနဲ့ပဲ ပြန်ပူးပေါင်းတော့မယ်။ အဲ့လိုတော့စီစဥ်ထားတယ်။ CEC တွေကိုလည်း ပြောထားတယ်။ ဒါပေမယ့် ဥပဒေက ဘယ်လိုလာမလဲ မသိဘူးလေ။ ဟိုနေ့က အရင်နေ့က ကောလာဟာလ ကောလာဟာလဆိုတာ တကယ်ပါပဲ သူတို့ backing လုပ်သွားတာ။ အဲ့ဒီအတိုင်းဆို ကျန်တဲ့ ပါတီငယ်တွေက ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ အဲ့ဒီအတိုင်းသာဆို ငါတို့က ဘယ်လိုမှ မှတ်ပုံပြန်မတင်နိုင်တော့ဘူးလေ။ အဲ့ဒီအတိုင်းသာဆို ပါတီအလိုအလျောက်ပျက်ပျယ်ပြီဆို ငါတို့က ပါတီမှတ်ပုံမတင်တော့ပဲနဲ့ မိခင်ပါတီနဲ့ပဲ ပြန်ပူးပေါင်းမယ်။ တကယ်လို့ နဂိုအတိုင်းပဲ သိပ်မကွာဘူးဆိုရင်တော့ မှတ်ပုံတင် ပြန်တင်မယ်။

မေး။ ။ တစ်ချို့ကလည်း အခွင့်အရေးရဖို့ ပါတီထောင်တာလည်းရှိမယ် ထင်တယ်။

ဖြေ။ ။ ဒီကလူတွေကတော့ အဲ့ဒါပဲ လုပ်စားနေကြတာ ။ ငါတို့သာ မလုပ်တာကို။ တိုင်းရင်းသားပါတီတွေက မလုပ်တာကို။ ပြည်မကဟာတွေက အဲဒီဂွင်နဲ့ပဲ လုပ်တာကို။ အဲ့ဒါကြောင့်မို့လို့ပဲ လူဆယ်‌ယောက်ရှိရင် ဆယ်ပါတီထောင်တာပေါ့။ အားလုံးပါတီ ဥက္ကဌလုပ်ပြီးတော့ ပါတီတွေ အများကြီး ဖောင်းပွနေတယ်။ ကြည့်လိုက်လေ ။ တွက်ကြည့်လိုက်လေ ပါတီတွေဖောင်းပွတာကို ပြောပြတာပါ။ ပြီးတော့ ဒီအပေါ်မှာ အခွင့်အရေးလုပ်ပြီးတော့မှ လုပ်ကိုင်စားသောက်ကြတာပဲလေ။ စီးပွားရှာကြတာလေ။ ဒါကြောင့်လည်း များတာ။ အခွင့်အရေးတွေတောင်းကြတယ်။ ဥပမာ မြေတွေတောင်းတယ်။ မြေတွေရောင်းစားတယ်။ ကားပါမစ်တောင်းတယ်။ ကားတွေရောင်းစားတယ်။ ငါတို့ တိုင်းရင်းသားပါတီတွေသာ အဲ့ဒါတွေ မလုပ်တာကိုး။ ဒီက ပြည်မကဟာတွေ အားလုံးနီးနီးလုပ်ကြတယ်။ အားလုံး မဟုတ်ပေမယ့် အားလုံး နီးနီးလုပ်ကြတယ်။ အဲ့ဒါတွေက ပျောက်သွားလိမ့်မယ် ထင်တယ်။ အခုမှတ်ပုံတင်သစ်တင်ရင် လူအင်အားက ရှာလို့ မရတော့ဘူးလေ သူတို့က။

ဆေကောင်ခမ်း(ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here