လောင်းလုံးမှာ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က ထန်းတဲနဲ့နေအိမ်တွေကို မီးရှို့

0
259

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာမှာ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ထန်းရည်လာဝယ်တဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ရဲတပ်ဖွဲ့ကထန်းတဲနဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီလောက်မှာ သကျက်တောကျေးရွာထိပ်ရှိ ထန်းရည်ဆိုင်မှာ သကျက်တောရဲစခန်းက ရဲတပ်သား ၂ ဦး ထန်းရည်လာဝယ်စဉ် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာဖြစ်ပါတယ်။

ရဲ ၂ ဦး တိုက်ခိုက်ခံရပြီးနောက် သကျက်တောရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီးနောက် ထန်းတဲနဲ့ အနီးဝန်းကျင်နေအိမ်တွေကို မီးရှို့တာ၊ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့မှုကြောင့် ထန်းရည်ဆိုင် ထန်းတဲနဲ့ နေအိမ်တစ်လုံး မီးလောက်ပျက်စီးခဲ့သလို ရမ်သမ်းပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၃ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရမှုမှာ ရဲ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုတော့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်က သကျက်တောရဲစခန်းထဲ ပြန်လည် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်း၊ ရဲစခန်းနဲ့ စစ်ကြောင်းတွေ မကြာခဏ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here