လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၃ ဦး ပြန်လွှတ်

0
177

လွိုင်ကော်အကျဉ်းထောင်က ပုဒ်မ ၅၀၅ (က) နဲ့ ၁၉ (စ) စတဲ့ နိုင်ငံရေး ဥပဒေပုဒ်မတွေနဲ့ အကျဉ်းချခံထားရတဲ့ သူ ၁၁ ဦးအပါအဝင် စုစုပေါင်း အကျဉ်းသား ၁၃ ဦးဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြန်လွှတ်လာခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ လွတ်လပ်ရေးနေ့ပေါ့နော။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ သူတို့လွတ်တယ်လို့တော့ ကျနော်တို့တော့ မြင်တာပေါ့။ ပြီးတော့ နိုင်ငံတကာဖိအားလည်း နည်းနည်းလျော့အောင် ပြီးတော့ နိုင်ငံတကာမှာလည်း နာမည်ကောင်းရအောင် နိုင်ငံရေးအကျဉ်းသားလွတ်တယ်လို့ပဲ ကျနော်တို့ ကတော့ မြင်တယ်။ ဒီလွိုင်ကော်ထောင်မှာက ၁၃ ယောက် လွတ်တယ်ပေါ့နော။ ၂ ယောက်ကတော့ မိန်းကလေး။ ယောင်္ကျားလေး ၁၁ ယောက်ကတော့ နိုင်ငံရေးပုဒ်မတွေနဲ့ စွဲထားခံရတဲ့လူတွေ လို့ ကျနော်တို့က သိထားရတာပေါ့။” လို့ သူက ပြောပါတယ်။

ညနေ တစ်နာရီဝန်းကျင်လောက်မှာ အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ပြန်လွှတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးထဲမှာ ပုဒ်မ ၅၀၅ (က) ၁၀ ဦးနဲ့ ပုဒ်မ ၁၉ (စ) ၁ ဦးတို့ပါဝင်ပြီး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးနှစ်ဦးကတော့ တခြားရာဇဝတ်မှုနဲ့ အကျဉ်းချခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။

ပြန်လွှတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သပိတ်ကာလတုန်းက ဖမ်းဆီးထောင်ချခံရသူတွေနဲ့ CDM ပြုလုပ်လို့ ဖမ်းဆီးထောင်ချခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်လွှတ်လာသူတွေထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်သလို အကျဉ်းထောင်ထဲမှာလည်း ဆေးကုသခွင့် ကောင်းမွန်စွာမရရှိကြဘူးလို့ အကျဉ်းကျခံရသူတစ်ဦးထဲက မိသားစုနီးစပ်သူတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးတွေလည်း အရမ်းကြီးနစ်နာတယ်ပေါ့နော။ ဆေးကုသခွင့်တွေဆိုလို့ရှိရင် အပြင်က အကြီးတွေပဲ ဝင်လာပြီးတော့မှ အထဲမှာ စစ်ပေးပြီးတော့မှ အိပ်ဆေးတွေ ထိုးဆေးတွေကို စစ်ဆေးပြီးတော့မှ အဲ့ဒီက Non CDM သူနာပြု ဆရာမတစ်ယောက်ကနေပြီးတော့မှ ထိုးပေးရတယ်ပေါ့နော။ အဲဒီဆေးတွေက တကယ်တမ်းက သူ့ရဲ့ ခံစားရတဲ့ ဝေဒနာအပေါ်မှာ သူ့ရဲ့မိသားစုဝင်တွေက ပြောလာတယ်။ ဒါပေမယ့် ဒီဆေးတွေကို စစ်ဆေးပြီးတော့မှ သောက်ခွင့်ရှိတယ် ထိုးခွင့်ရှိတယ် ဆိုတဲ့အပေါ်မှာတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှ အခွင့်အရေးတွေချိုးဖောက်ခံရတယ်။ သူ့ရဲ့ ဆေးကုသခွင့်တွေကလည်း ဆုံးရှုံးတယ်လို့ ပြောရမှာပေါ့နော။” လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၈၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားပြီး လက်ရှိအချိန်အထိ ၂၀ ဦးဝန်းကျင်သာ ပြန်လွှတ်သေးတယ်လို့ PKPF ရဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် တစ်နိုင်ငံလုံးက အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီပိုင်မီဒီယာဖြစ်တဲ့ MRTV မှာ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရသူတွေကိုလည်း ပြစ်ဒဏ် ၆ ပုံထဲက ၁ ပုံ လျော့ပေါ့ပေးမယ်လို့ ကြေညာထားပါတယ်။

နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here