ပုလောမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးထပ်ရှို့နေ

0
210

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တပိုရွာနဲ့ ဇရပ်ဆိပ်ကျေးရွာက နေအိမ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ ထပ်မံမီးရှို့ဖျက်ဆီးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဆယ်အိမ်စုရွာဘက်ကို စစ်ကြောင်ထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီးနောက် ပြန်ဆုတ်ချိန်မှာ တပိုရွာနဲ့ ဇရပ်ဆိပ်ကျေးရွာက နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

လက်ရှိမှာတော့ ပုလောမြို့နယ်ထဲ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြန်ဆုတ်သွားတာမရှိသေးဘဲ ကျေးရွာတွေကို လှည့်ပတ်ပြီး စစ်ကြောင်းထိုးနေသလို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပုလောမြို့နယ်၊ ပလမြို့ထဲကတိုရွာ၊ တန်းရှင်းနဲ့ သင်္ကန်းတောကျေးရွာတွေက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးထားပါတယ်။

ပုလောမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို နှစ်ဖက်ထိခိုက်ကျဆုံးတာတွေလည်း ရှိနေပါတယ်။

ပုလောတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူထံကနေ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here