တရုတ် အထူးကိုယ်စားလှယ်အသစ် နှင့် မြောက်ပိုင်းမဟာမိတ် EROs (၇) ဖွဲ့ တွေ့ဆုံဆွေးနွေး

0
237

မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ်အသစ်သည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် EAOs (၇) ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် တရုတ် အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီးကျန် (Deng Xijun) နှင့် မြောက်ပိုင်းမဟာမိတ် EROs (၇) ဖွဲ့တို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်း တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာ ကိုယ်စားလှယ်အသစ်နှင့် ခေါင်းဆောင်များ တွေ့ဆုံမိတ်ဆက်ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ်အထူး ကိုယ်စားလှယ်အသစ်နဲ့ မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တွေ တွေ့ဆုံတာ ဟုတ်ပါတယ်၊ ကျနော်တို့အဖွဲ့လည်း တက်ရောက်ခဲ့တယ်ပေါ့၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံမိတ်ဆက်ခြင်းပါပဲ၊ တခြား ပြောဆိုဆွေးနွေးမှု အသေးစိတ်တော့ ကျနော်လည်း မသိဘူး” ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြောက်ပိုင်းမဟာမိတ် EROs များဖြစ်ကြသည့် ”ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (မိုင်းလားတပ်ဖွဲ့) NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရက္ခိုင့်တပ်တော် AA၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့) MNDAA တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် SSPP တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်ကို ဆက်သွယ်မေးမြန်းရာ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့တပ်ဖွဲ့က ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးတာ မှန်ပါတယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါတွေ့ဆုံမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီမော်ခရိုင်တွင် တွေ့ဆုံခြင်းဖြစ်သည်ဟု သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများက သီးခြားအတည်မပြုနိုင်ကြောင်း ပြောဆိုထားသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် တရုတ်ကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲ အခြေအနေများကို ပိုမိုနားလည် သဘောပေါက်ရန်အတွက် EROs များမှ သဘောထားများ မေးမြန်းစုံစမ်းခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူများက ပြောဆိုသုံးသပ်ထားသည်။

တရုတ်သည် မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိနေသည့်အတွက် မြန်မာပြည်တွင်း စစ်ရေး နိုင်ငံရေးနှင့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအကြောင်း လေ့လာရန်ဖြစ်ကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ် နဲ့ EAO (၇) ဖွဲ့ တွေ့တာက တရုတ်ပြည်အနေနဲ့ မြန်မာပြည်ကို များစွာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတော့ အခုလက်ရှိ မြန်မာပြည် အကြောင်းကို ပိုမိုပြည့်စုံစွာ နားလည်ဖို့ လိုအပ်နေတဲ့ အချိန် ဖြစ်တဲ့ အတွက် ဒီတွေ့ဆုံမှု ဖြစ်လာတယ်၊ နောက်တစ်ခုက ၂၀၂၃ ခုနှစ်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရှိသလို NUG/PDF ကလည်း ၂၀၂၃ ခုနှစ်အတွင်း တန်ပြန်စစ်ရေးစဖို့ ပြောဆိုထားတာတွေကြောင့် အရင် တရုတ်သံတမန်ဟောင်းအစား လူသစ်ခန့်ပြီး မြန်မာပြည်အရေးကို လာလေ့လာတာ၊ ဒီလိုလေ့လာမှု ပိုနားလည်အောင်လည်း မြောက်ပိုင်းက EAOs တွေ့ဆုံတာ ဖြစ်တယ်လို့ မြင်မိတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီမှ အကောင်အထည်ဖော်နေသည့် ၂၀၂၃ ခုနှစ် PR စနစ်ရွေးကောက်ပွဲကိုလည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ တရုတ်ဘက်က သဘောမကျသည့်အချက် ရှိနေကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

မြောက်ပိုင်းမဟာမိတ် EROs ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျန် (Deng Xijun) သည် ၂၀၂၀ ခုနှစ်မှစတင်ပြီး အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏နေရာကို ဆက်ခံသူဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here