စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

0
180

မကွေးတိုင်းအတွင်းတွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြို) တာဝန်ရှိသူများက ပြောသည်။

ရေစကြိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တောရိုးတွင် ဇန္နဝါရီလ ၁ ရက်နေ့၊ မွန်းလွှဲပိုင်းအချိန်မှစတင်၍ ညနေပိုင်းအချိန်ထိ အနီးကပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရေစကြို – ပကဖ က ပြောသည်။

ရေစကြို – ပကဖ တာဝန်ရှိသူတစ်ဦးက “တစ်နာရီလောက် ကြာတယ်။ အနီးကပ်ပစ်တာ။ လက်နက်ကြီးကော လက်နက်ငယ်ကောဆိုတော့ သူတို့ဘက်က သုံးယောက်ကျတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု ပြောသည်။

ဇန္နဝါရီလ ၁ ရက်နေ့၊ နေ့လည် ၂ နာရီ အချိန်ခန့်မှ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းကို ထိုနေ့ ညနေ ၄ နာရီအချိန်မှာပင် အဝေးမှနေ၍ လက်နက်ကြီးနှင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နေ့လည် ၂ နာရီမှ ၃ နာရီအထိ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ် အစပ်တောရိုးထဲတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပ.က.ဖ)၊ Super Fighter PDF (ရေစကြို)၊ အမိမြေ ပြောက်ကျားတပ်ဖွဲ့၊ MRTF, RPDF, ဖက်တီး လက်နက်ကြီးအဖွဲ့ မဟာမိတ်တို့ တစ်နာရီခန့်အကြာ Drone၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ညနေ ၄ နာရီအချိန်ခန့်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက တရစပ် လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်ဟု ဆိုသည်။

ပထမအကြိမ် တိုက်ခိုက်ခံရမှုတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပြီး ဒုတိယအကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်ဒေသမှု အခြေအနေကိုမူ မသိရသေးဘူးဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြို တာဝန်ရှိသူက ဆိုသည်။

ယခုစစ်ဆင်ရေးအတွင်း Super Fighter PDF (ရေစကြို) အဖွဲ့က Drone တစ်စီး ဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ ရဲမေတစ်ဦး သေဆုံးသွားခဲ့သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here