ပျူစောထီးစခန်းနှင့် အဖွဲ့ဝင်နေအိမ်များကို PDF များ ဝင်စီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

0
239

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးအတွင်းရှိ ပျူစောထီး အခြေစိုက်စခန်းနှင့် အဖွဲ့ဝင်အချို့၏ နေအိမ်များကို PDF များက ဝင်ရောက်ရှင်းလင်းခဲ့ပြီး လက်နက်များအပါအဝင် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

လောင်းလုံးမြိုနယ် ပန်းဒလဲကျေးရွာရှိ ပျူစောထီးအဖွဲ့များ၏ အခြေစိုက်ခန်းတစ်ခုနှင့် အဖွဲ့ဝင်များ၏ နေအိမ်အချို့ကို ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ဇန်နဝါရီ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

LLPDF တပ်ဖွဲ့ဝင်တစ်ဦးက “လူတွေတော့ ထွက်ပြေးသွားလို့ ဖမ်းမမိခဲ့ဘူး။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေအထဲမှာ လက်နက်လွှဲပြောင်းမှတ်တမ်းတွေ၊ စစ်တပ်နဲ့ အရေးကြီးချိတ်ဆက်ထားတဲ့ မှတ်တမ်းတွေလည်းပါတယ်။ မိုင်း ၃ လုံးနဲ့ သေနတ် လေးငါးချက်လောက် ခြောက်လှန့် အသုံးပြု ပစ်ခတ်တာမျိုးတော့ ပြုလုပ်ခဲ့ရတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ည ၈ နာရီခန့်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အတွင်းရှိ ပျူစောထီးအဖွဲ့ဝင် စာရင်းများ၊ မဘသအဖွဲ့ဝင် စာရင်းများ၊ အခြား အရေးကြီး အချက်အလက် စာရွက်စာတမ်းများ၊ ဓါတ်ပုံမှတ်တမ်းများအပြင် တူမီးသေနတ်များ၊ ဓားနှင့် စစ်ရေးသုံး ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု LLPDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ထိုနေ့ ည ၈ နာရီခန့်တွင် စစ်ဆင်ရေးလုပ်ပြီးနောက် ည ၁၀ နာရီ အချိန်ခန့်တွင် မိုင်းပေါက်ကွဲသံများနှင့်အတူ သေနတ်ပစ်ဖောက်သံများ ကြားရပြီးနောက် PDF တပ်ဖွဲ့များလည်း ပြန်လည်ထွက်ခွာသွားသည်ဟု ရွာသားများက ပြောသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF အနေဖြင့် အခါအားလျော်စွာ ထုတ်ပြန်ပေးမည့် မေတ္တာရပ်ခံချက်များ၊ အသိပေးချက်များကို ပြည်သူများမှ တိတိကျကျ လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန်လည်း LLPDF အဖွဲ့က ပြောဆိုထားသည်။

LLPDF အဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်တပ်၏ ထောက်တိုင် အဖွဲ့အစည်းများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် စစ်ရေးသတိ အမြဲရှိကြရန်လည်း ထုတ်ပြန်ချက်အတွင်း တိုက်တွန်းရေးသားထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here