တနင်္သာရီတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ၇ ဦး၊ PDF ၁ ဦး သေဆုံး

0
165

တနင်္သာရီမြို့နယ်အတွင်း ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဘက်မလိုက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

နှစ်သစ်ကူးညဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်က မော်တုန်းကျေးရွာရှိ အမှတ် (၃၀၆) အမြောက်တပ်ရင်းမှ သောက်စားမူးယစ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကဒဲလိပ်ကျေးရွာလမ်းပိုင်းတွင် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ (၁/၂) တို့က ပူးပေါင်းကာစောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်။

ထို့နောက် ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း တနင်္သာရီ – ဗောဓိကမ်း တံတားထိပ် စစ်ဆေးရေးဂိတ်သို့ ခြေလျင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ထပ်မံသွားရောက်၍ စောင့်ကြိုကာ ချောင်းမြောင်းပစ်ခတ်ခဲ့သေးသည်ဟု ဘက်မလိုက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး သေဆုံးပြီး သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် ၈ နာရီခန့်မှာပင် ဘန်လောကျေးရွာသို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲများအတွင်း ပါဝင်ခဲ့သူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

PDF တပ်ဖွဲ့ဝင်တစ်ဦးက “နေ့လည် ၂ နာရီဝန်းကျင် အထိ တိုက်ပွဲသုံးကြိမ်မှာ အချိန် ၆ နာရီလောက် ကြာတယ်။ စစ်တပ်က လက်နက်ကြီးတွေ အတော်များများနဲ့ ဆက်တိုက်ကို ပစ်နေတာကြောင့် လက်နက်ချင်းမမျှလို့ ပြန် ဆုတ်လာခဲ့ရတယ်” ဟု ပြောသည်။

ထိုတိုက်ပွဲများအတွင်း စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကာ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ၁ ဦး ကျဆုံးခဲ့သည်ဟု တနင်္သာရီ – ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန္နဝါရီလ ၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က မော်တုန်းအမြောက်တပ်မှ ရမ်းသန်းပစ်ခတ်ခဲ့သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဘန်းလမွတ်ကျေးရွာရှိ နေအိမ်တဆောင် မီးလောင်ပျက်စီးခဲ့သည်ဟု ရွာသားများက ပြောသည်။

ဇန္နဝါရီလ ၁ ရက်နေ့က ညနေပိုင်း အချိန်အထိ စစ်ကောင်စီတပ် ခမရ ၅၆၁၊ ခမရ ၅၅၆၊ ဗောဓိကမ်းတပ်နှင့် မော်တုန်း အမြောက်တပ် ၃၀၆ တို့က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည့်အတွက် ရွာပေါင်း ၁၂ ရွာခန့်က ဒေသခံရွာသား တစ်ထောင်ကျော်က ဘေးလွတ်မည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ရပ်ရွာများမှ ထွက်ပြေးတိမ်းရှောင်ရသည့် ရွာသားများမှာ တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်း၊ ၆ မိုင်၊ ၅ မိုင်၊ ပျို့အိုင်၊ ဗောဓိကမ်း၊ ဘန်လော၊ ဖာနီ၊ လေးမိုင်၊ ရေခမ်းချောင်း၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်းနှင့် ရမ်းဖို ကျေးရွာတို့မှ ဒေသခံရွာသားများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here