ထောင် ဆယ်နှစ်ချခံရသူ ကျောင်းသူကို မအူပင်မှ ပုသိမ်ထောင်သို့ ပြောင်း

0
213

စစ်ကောင်စီ၏ မအူပင် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချလိုက်သည့် မအူပင်နည်းပညာတက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးကို ပုသိမ်အကျဉ်းထောင် ပြောင်းရွှေ့လိုက်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခံရပြီးနောက် ပုသိမ်ထောင်ကို အပို့ခံရသည့် ဧရာဝတီတိုင်း မအူပင် နည်းပညာတက္ကသိုလ်က နောက်ဆုံးနှစ် ကျောင်းသူမှာ မရွှေခြူးဝိုင်းဆိုသူဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ မအူပင် ထောင်တွင်းတရားရုံးက ပုဒ်မ ၅၀ – ည ဖြင့် တရားစွဲ ထောင်ချခဲ့ခြင်း ဖြစ်သည်။

မရွှေခြူးဝိုင်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက “မအူပင်ထောင် အထူးတရားရုံးက အမိန့်ချပြီးတဲ့နေ့မှာပဲ ပုသိမ်ထောင်ကို အပြောင်းခံရတာ။ မိသားစုတွေခင်မျာ ထောင်ဝင်စာကိစ္စအတွက် အခက်အခဲတွေ ဖြစ်ကုန်တယ်“ ဟု ပြောသည်။

မရွှေခြူးဝိုင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မအူပင် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချပြီးနောက် ပုသိမ်အကျဉ်းထောင်ကို ချက်ချင်းပင် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

မရွှေခြူးဝိုင်းသည် မအူပင် နည်းပညာတက္ကသိုလ်၏ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်မှ သတင်းနှင့်ပြန်ကြားရေး ကော်မတီဝင်တစ်ဦးဖြစ်ပြီး သူမကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မအူပင် နည်းပညာတက္ကသိုလ် ကျောင်းသူ မရွှေခြူးဝိုင်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်တွင် သတင်းနှင့်ပြန်ကြားရေး ကော်မတီဝင်တာဝန်ကို ၂၀၂၀ ခုနှစ် ရှေ့ပိုင်းက လက်ခံယူခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရုံဖြင့် ထောင်ဒဏ်နှစ်ရှည် ချခံရခြင်းဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် ဗကာကျောင်းသားဟောင်းများက ပြောသည်။

ဗကသ ကျောင်းသားဟောင်းတစ်ဦးက “စစ်ကောင်စီက ကျောင်းသားတွေ ကျောင်းသူတွေကို ကြောက်ကြောက်နဲ့ အတင်းဖိနှိပ်နေတာ” ဟု ပြောသည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် သူများကို ထောင်ဒဏ်နှစ်ရှည်များ ချနေသည်ကိုတွေ့ရပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းခွင့်တွင် လွတ်မြောက်လာသည့် နိုင်/ကျဉ်းဦးရေက ပုသိမ်ထောင်မှ ၄၆ ဦးသာ လွတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် ပုသိမ်ထောင်တွင် ထောင်ဒဏ်နှစ်ရှည်ချခံရသူ အယောက် ၆၀ ကျော်ခန့်အထိ ရှိသွားပြီဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်းအတွင်းက အကျဉ်းထောင် ၅ ခု တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၄၀၀ ကျော်ရှိနေပြီး ဧရာဝတီတိုင်းအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်း အသီးသီးမှ ကျောင်းသား/ကျောင်းသူ လူငယ်အများအပြားလည်း ပါဝင်သည် ရှေ့နေအသိုင်းအဝိုင်းက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here