၂၀၂၃ ခုနှစ်ဟာ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဟု CJDC ဥက္ကဌ ပြောဆို

0
168

၂၀၂၃ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံးအတွက် အင်မတန်မှအရေးပါတဲ့ကာလဖြစ်ပြီး ပိုမိုအားကောင်းတဲ့ ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ CJDC ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

CJDC ဥက္ကဌ ဆလိုင်းတလာဟဲက ဇန်နဝါရီလ ၁ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ သူရဲ့နှစ်သစ်သဝဏ်လွှာမှာ ၂၀၂၃ ခုနှစ်ဟာ “ချင်းပြည်ထောင်တည်ဆောက်ရေး (Chin Nation- Building) နှစ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ချင်းအမျိုးသားတော်လှန်းကို ဆက်လက်တိုက်ပွဲဝင်သွားကြရမယ်လို့ဆိုပါတယ်။

အဲဒီလိုတိုက်ပွဲဝင်ကြတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ဒေသနဲ့ မြို့နယ်အဆင့်များကို ကျော်လွန်ပြီး အမျိုးသားတစ်ရပ်အဆင့်အနေဖြင့် စုစည်းနိုင်ရေးကို အားထုတ်ကြိုးပမ်းကြဖို့ကိုလည်း CJDC ဥက္ကဌ က တိုက်တွန်းထားပါတယ်။

ယခုလိုအရေးကြီးတဲ့ကာလမှာ နေရာဒေသအသီးသီးမှာရှိနေကြတဲ့ ချင်းလူမှုအဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဘာသာပေါင်းစုံက သာသနာပြုဂ္ဂိုလ်တွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ယခုဆင်နွှဲနေတဲ့ အမျိုးသားတော်လှန်ရေးမှာ ချင်းပြည်သူတစ်ရပ်လုံး နိုးကြားမှုရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ချင်းအမျိုးသားတော်လှန်ရေးမှာပါဝင်ကြတဲ့ တော်လှန်ရေးရဲဘော်များအားလုံးနဲ့အတူ CJDC အဖွဲ့ဝင်အသီးသီးထံ ငွေကြေားအားဖြင့်ဖြစ်စေ၊ မိမိတို့တတ်စွမ်းနိုင်တဲ့ အခန်းကဏ္ဍအသီးသီးကနေ ကူညီထောက်ပို့ခြင်းအားဖြင့်ဖြစ်စေ ကျရာတာဝန်ကို ကျေပြွန်စွာ ပါဝင်ထမ်းဆောင်ကြသူများအားလုံးအပေါ် ဦးညွတ်ဂါရဝပြုကြောင်း၊ နောင်အနာဂတ်မှာလည်း ဆထက်ထမ်းပိုး ဆက်လက်ပါဝင်ထမ်းဆောင်ကြဖို့ နှိုးဆော်ထားပါတယ်။

Chinland Joint Defense Committee (CJDC) ဟာ ချင်းအမျိုးသားတပ်ဦး CNF အပါအဝင် နွေဦးတော်လှန်ရေးကနေ ပေါက်ပွားလာကြတဲ့ ချင်းပြည်နယ်က မြို့နယ်နဲ့ ဒေသအလိုက် ဖွဲ့စည်းထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးဖြစ်ပါတယ်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here