ပုလောတွင် အရေးကြီးနေရာများအပါအဝင် နေရာအများအပြား တိုက်ခိုက်ခံရ

0
209

မြိတ်ခရိုင်၊ ပုလောတွင် မြို့တော်ခန်းမ၊ ထွေအုပ်ရုံးနှင့် တပ်ရင်းဂိတ်ဝအပါအဝင် နေရာသုံးခုထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့များက ဝင်တိုက်ခိုက်ခဲ့သည်။

ပုလောမြို့နယ်အတွင်း ပုလောမြို့ရှိ မြို့တော်ခန်းမအပါအဝင် နေရာ ၃ ခုထက်မနည်းကို ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု PPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပုလောမြို့ရှိ မြို့တော်ခန်းမ၊ မြို့ပေါ်အမှတ် ၂ ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မြို့အထွက်အနီးရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၂၈၅ တပ်ရင်းဂိတ်ဝ တို့ကို ယမန်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က တချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

PPDF ပြန်ကြားရေးတာဝန်ခံက “မြို့ပေါ်ပျောက်ကြား ဗျူဟာတစ်ခုပေါ့။ စစ်ရေးအရှိန်မြှင့်လိုက်တာဖြစ်သလို ပုလောမြို့ပေါ်ကို PDF တွေ ခြေမနင်းစေရဘူးလို့ စစ်ကောင်စီတပ်က ပြောထားတဲ့စကားအပေါ် မြို့ပေါ်အထိ အချိန်မရွေးလာနိုင်တယ်ဆိုတာကို လက်တွေ့ပြလိုက်တာပါပဲ” ဟု ပြောသည်။

ပုလောအခြေစိုက် ခလရ – ၂၈၅ တပ်ရင်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းမှာ မြို့ပေါ်စစ်ဆင်ရေးအဖြစ် PPDF တပ်ဖွဲ့အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးတလျှောက် ပထမဆုံးအကြိမ် သမိုင်းဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ခလရ – ၂၈၅ တပ်ရင်းကို မိုင်းဆွဲပြီး ဝင်ပစ်နေချိန်တွင် မြို့တော်ခန်းမနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကိုပါ လူစုခွဲကာ တပြိုင်တည်း သွားရောက်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု PPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အမှတ် ၂ ရပ်ကွက်ရှိ မြို့တော်ခန်းမကို သွားရောက်ပစ်ခတ်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့သေးသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက “PDFတွေက လက္ကူးရွာအထွက် လမ်းကနေဝင်ပြီး စစ်တပ်အနောက်ပေါက်ဂိတ်ကို မိုင်း ၂ လုံးနဲ့ ဖေါက်ခွဲခဲ့ပြီး သေနတ်နဲ့လည်း ပစ်ခတ်တာတွေ လုပ်သွားတာ” ဟု ပြောသည်။

မြို့တော်ခန်းမနှင့် ထွေအုပ်ရုံးတို့အား ပစ်ခတ်ခဲ့သူများသည် ထွက်ပြေးသွားသည်ဟု လက္ကူးကျေးရွာဘက်သို့ ခလရ-၂၈၅ တပ်ရင်းက လက်နက်ကြီးဖြင့် အချက် ၂၀ နီးပါးခန့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် လက္ကူးကျေးရွာမှ ရွာသားလေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပုလောဆေးရုံသို့ အရေးပေါ်ကားဖြင့် ပို့ဆောင်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ထိုနေ့ နံနက် ၆ နာရီအချိန်ခန့်ကလည်း ပုလောမြို့မှ ၆ မိုင်ခန့်သာ ကွာဝေးသည့် မြိတ်-ပုလော ကားလမ်းမကြီးပေါ်ရှိ ပုလောကုန်းကျေးရွာက စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များ တပ်စွဲထားသည့် ဂိတ်စခန်းကိုလည်း PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြပြီး တိုက်ပွဲဖြစ်ခဲ့သေးသည်ဟု ဒေသခံများကပြောသည်။

ယင်းတိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိချောင်းစစ်ကြောင်းနှင့် ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပုလောမြို့ပေါ်နှင့် ပုလောကုန်းရွာ စစ်တပ်ဂိတ်စခန်းတို့အား သွားရောက်ပစ်ခတ်တိုက်ခိုက်မှုများအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း အသေးစိတ်ကို မသိရှိရသေးဘူးဟု PPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တုန်းကလည်း ပုလောမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် (ခွဲ) နှင့် ရွေကောက်ပွဲကော်မရှင်ရုံးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး အဆိုပါ ပစ်ခတ်ခံရမှုတွင် ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိခဲ့ပေ။

ပုလောမြို့ပေါ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးသည့်အချိန်မှစ၍ လူအသွားအလာ ကင်းမဲ့ခြောက်ကပ်နေပြီး ဈေးဆိုင်များနှင့် လူနေအိမ်များလည်း ပိတ်ထားကြသည်ဟု ပုလောမြို့ခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here