မောင်တော၊ ကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ဒေသခံနှစ်ဦး မတရားအသင်းဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံထားရ

0
202

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ဌာနချုပ်အနီးရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသော ဒေသခံနှစ်ဦးသည် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) တို့ဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ အမှုဖွင့်ခံထားရသူနှစ်ဦးမှာ မောင်တောမြို့နယ် ခမောင်းကျေးရွာမှ အဝေးသင်ပထမနှစ်ကျောင်းသား မောင်ဆန်းဌေး (၂၄ နှစ်) နှင့် မင်္ဂလာညွှန့်ကျေးရွာမှ ကယ်ရီမောင်းသူ ကိုခင်ဇော် (၂၂ နှစ်) တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) (၂)နှင့် ပြီးခဲ့သည့် နိုဝင်ဘာ၁၅ ရက်နေ့က မောင်တောမြို့နယ်တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်း မိသားစုဝင်များက DMG သို့ပြောသည်။

“သူတို့ကို ပထမဆုံး မောင်တောမြို့နယ်တရားရုံးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ချုပ်ရမန်ယူတယ်။ သူတို့ကို ချုပ်ထားတာကတော့ မြို့သူကြီးက နခခ (၅) မှာပါ။ နိုဝင်ဘာလ ၁၅ ရက်နေ့က ကျမတို့မသိလို့ မသွားလိုက်ရဘူး။ နောက် ၂၈ ရက်နေ့ မြို့နယ်တရားရုံးကို လာမယ်ဆိုတာကြားတော့ ကျမတို့ တရားရုံးမှာ စောင့်နေတယ်။ သူတို့ အချုပ်ကားနဲ့ပါလာပါတယ်။ အဲနေ့ ရုံးချိန်းပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့ကို ထပ်ချိန်းလိုက်တယ်။ ဒီဇင်ဘာလ ၅ရက်နေ့ ရုံးချိန်းပြီးတာနဲ့ တစ်ခါတည်း ဘူးသီးတောင် အကျဉ်းထောင်ကို ယူသွားပါတယ်” ဟု ကိုခင်ဇော်၏ အစ်မဖြစ်သူ မနုသန်းယဉ်က DMG ကို ပြောသည်။

ယခုကဲ့သို့ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)(၂) တို့ဖြင့် အပြစ်မရှိဘဲ အမှုဖွင့်ခံထားရသည့်အပေါ် မိသားစုဝင်အနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း ၎င်းကဆက်ပြောသည်။

“စိတ်မကောင်းဖြစ်ရပါတယ်။ ကျမတို့မောင်မှာ ဘာအပြစ်မှမရှိပါဘူး။ အပြစ်မရှိဘဲ ထောင်မကျစေချင်ဘူး။ သူတို့က တရားစွဲထားပြီလေ။ ကျမတို့မှာ ပြန်လွတ်လာပါစေလို့ ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ကျမမောင်မှာ အပြစ်မရှိပေမယ့် သူတို့ (စစ်တပ်) လက်ထဲရောက်သွားရင်တော့ အပြစ်မရှိရင်လည်း ရှိတာပဲ။ ဒီဇင်ဘာလ ၅ ရက်နေ့က စကားပြောခဲ့ရပါတယ်။ သူတို့က စစ်ဆေးရေးဂိတ်မှာ ဖမ်းပြီးရင် ၄ ရက်လောက်နေတာနဲ့ နခခ (၅) ကိုပြောင်းတယ်။ ပြီးရင်တစ်လလုံး အချုပ်ခန်းထဲမှာစစ်ဆေးတယ်လို့ သိရတယ်” ဟု မနုသန်းယဉ်က DMG သို့ပြောသည်။

၎င်းတို့မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့က မောင်တောမြို့မှ ခမောင်းဆိပ်ကျေးရွာသို့သွားရာတွင် ကျီးကန်ပြင်ဌာနချုပ်အနီး စစ်ဆေးရေးဂိတ်၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့ထံ စစ်ဆေးမေးမြန်းမှုခံယူစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မောင်ဆန်းဌေးမှာလည်း ကျောင်းတက်နေသည့် ကျောင်းသားဖြစ်သည့်အတွက် အမြန်ဆုံးပြန်လွတ်လာစေကြောင်းနှင့် သားဖြစ်သူအတွက် စိုးရိမ်ကြောင်း မောင်ဆန်းဌေး၏ မိခင် ဒေါ်မနုစိန်က DMG သို့ ပြောသည်။

“အန်တီတို့မှာ မရှိမဲ့ရှိမဲ့ ကျောင်းထားတာ။ ကျောင်းတက်ပြီးပြန်လာတော့ အိမ်ကို မရောက်ဘူးဆိုပြီး စိတ်ပူလိုက်ရတာ ဖုန်းကိုဆက်ကြည့်တော့လည်း စက်ပိတ်ထားတယ်။ အခု မတရားအသင်းဆက်သွယ်တယ်ဆိုပြီး အမှုဖွင့်ခံထားရတယ်။ အန်တီတို့လည်း ဘာမှ နားမလည်ဘူး။ ဒီလိုမျိုး အတွေ့အကြုံလည်း တစ်ခါမှမကြုံဖူးဘူး။ သူကကျောင်းတက်နေတာ။ မတရားအသင်းနဲ့ ဆက်သွယ်တာမရှိဘူး။ အခုလည်း သူတို့ကိုမသင်္ကာတာကြောင့် အမှုဖွင့်ခံထားရတာ။ သူတို့မှာ အပြစ်မရှိပါဘူး။ ပြန်လွတ်လာစေချင်တယ်။ အန်တီ့သားက ကျောင်းတက်နေတာ၊ အနာဂတ်လည်းရှိသေးတော့ အမြန်ဆုံးပြန်လွတ်လာစေချင်တယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ မောင်တောဒေသခံနှစ်ဦး ဖမ်းဆီးအမှုဖွင့်ခံထားရမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

ထို့အတူ မောင်တောမြောက်ပိုင်း၊ အမှတ် (၂၄) ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းကျောင်းသူနှင့် ဒေသခံတစ်ဦးတို့သည်လည်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) တို့ဖြင့် အမှုဖွင့်ခံထားရသည်။

တကျော့ပြန် တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည်ဟုသံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူများသည် လေးလအတွင်း ၄၆ ဦးအထိရှိခဲ့ကြောင်း DMG က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုသည် ၅ လခန့်အထိ ကြာမြင့်ခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ နှစ်ဖက်နားလည်မှုဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ယာယီအပစ်ခတ်ရပ်နားခဲ့ကြသည်။

အောင်ထိန်(DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here