စစ်ကောင်စီတပ်က ပေါက်မှာ ပြည်သူတွေရဲ့ နေအိမ် (၄၀၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့

0
262
ဓာတ်ပုံ - Pauk Newsletter Page

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေကို မီးပတ်ရှို့နေတာကြောင့် လူနေအိမ် (၄၀၀) ဝန်းကျင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့ကစပြီး အင်အား (၁၀၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျသိုက်ကျေးရွာကို စတင်မီးရှို့ခဲ့တာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ မနက်ပိုင်းအထိ ကျေးရွာ (၄) ရွာကျော် မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ပေါက်မြို့ကိုသွားတဲ့ လမ်းတလျှောက်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ Pauk Newsletter Page တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောစီပူးပေါင်းစစ်ကြောင်းကြောင့် ကျေးရွာ (၁၅) ရွာက ပြည်သူ (၅၀၀၀) ဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲက ပြည်သူနှစ်ဦးနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီစစ်ကြောင်းက ကျသိုက်ကျေးရွာ၊ လယ်လန်းကျေးရွာ၊ သရဖီကျေးရွာနဲ့ ရွာသာအေးကျေးရွာက လူနေအိမ် (၄၀၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ မီးမငြိမ်းသတ်နိုင်သေးဘူးလို့ သိရပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေက နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေကာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လတည်းမှာပဲ လူနေအိမ် (၁၀၀၀) ဝန်းကျင် မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here