၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်။
ထားဝယ်ခရိုင်အတွင်းမှ ကျေးရွာတစ်ရွာတွင် သတင်းပေးဟုဆိုသူ မူလတန်းကျောင်းအုပ်ကျောင်းဆရာ ဦးနောင်စိုးဆိုသူနှင့် ဦးစိုးထိုက်အောင်တို့ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းရွာမှ အသက် ၄၀ နှစ်အရွယ် ကျောင်းအုပ်ဆရာ ဦးနောင်စိုးနှင့် အသက် ၃၅ နှစ်အရွယ် ဦးစိုးထိုက်တို့ နှစ်ဦးကို နေအိမ်များတွင်ရှိနေချိန် သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်။
“သေနတ်သံက သုံးလေးချက် တခါကြားရတယ်။ သိပ်မကြာဘူး မိနစ်ပိုင်းပဲခြားမယ်။ လေးငါးချက် ထပ်ကြားတယ်။ မသဲမကွဲ စကားအော်ပြောနေသံတွေလည်း ကြားရတယ်။ ရွာသားတွေ ထိတ်လန့်နေတာပေါ့။ မနက်လင်းမှ ကျောင်းဆရာတို့ ပစ်သတ်ခံရမှန်းသိရတယ်” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။
ကျောင်းအုပ်ဆရာ ဦးနောင်စိုး၏ နေအိမ်ကို ကြာသပတေးနေ့ ည ၁၀ နာရီအချိန်ခန့်က လူ ၅ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် ကျည်ထိမှန်ပြီးနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သေဆုံးသူ ဦးနောင်စိုးမှာ ကနက်သီရိကျေးရွာသားဖြစ်ပြီး ဇနီးသည်၏ဇာတိ အောက်သရက်ချောင်းကျေးရွာတွင် အခြေချနေထိုင်ကာ ပဲဝကျေးရွာ မူလတန်းကျောင်းအုပ်ဆရာ လုပ်ကိုင်နေသူ ဖြစ်သည်ဟု ရွာသားများကပြောသည်။
ထို့အပြင် ၎င်းသည် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူသွားလာတတ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများကို သတင်းပေးနေသူဟု နာမည်ကျောဇောနေသူ တစ်ဦးလည်းဖြစ်သည်ဟု ဆိုသည်။
အလားတူ ပန်းရံလုပ်ကိုင်နေသူ ဦးစိုးထိုက်၏ နေအိမ်ကိုလည်း ထိုနေ့ညပိုင်းက အဆိုပါ လူ ၅ ဦးခန့်ဟု ယူဆရသူများက ဆက်လက် သွားရောက်ခဲ့ပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ကျည်ထိဒဏ်ရာ ၄ ချက်ရရှိကာ လက်ရှိတွင် သရက်ချောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။
ကျောင်းဆရာကို ပစ်ခတ်သည့်အဖွဲ့သည် ပျူစောထီးခေါင်းဆောင် ဦးဝဲဇီ၏ နေအိမ်ကိုလည်း သွားရောက်ခဲ့ကြပြီး အဆိုပါ ပျူစောထီးခေါင်းဆောင်မှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ရွာသားများက ဆိုသည်။
NMG – ပေးပို့သည်။
