4 June 2026 /

See today's Peace Related News

Homeသတင်းအတုအယောင် ပြည်ထောင်စုစနစ်ကို ဝိုင်းဝန်းတိုက်ဖျက်သွားရမည်ဖြစ်ကြောင်း KNU တိုက်တွန်း

အတုအယောင် ပြည်ထောင်စုစနစ်ကို ဝိုင်းဝန်းတိုက်ဖျက်သွားရမည်ဖြစ်ကြောင်း KNU တိုက်တွန်း

၁၄ ဖေဖော်ဝါရီ ၂၀၂၂

ဆယ်စုနှစ်ပေါင်းများစွာ အသက်သွင်းလာခဲ့သည့် ပြည်ထောင်စုအမည်ခံ အတုအယောင်ပြည်ထောင်စုစနစ်ကို ဝိုင်းဝန်းတိုက်ဖျက်သွားရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့နှင့်ပတ်သက်ပြီး တိုက်တွန်းပြောဆိုသွားခဲ့သည်။

လာမည့် နံနက်ဖန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီမှ အခမ်းအနားကြီးဖြင့် ကျင်းပသွားရန် ရှိသည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်နှင့်ပတ်သက်ပြီး KNU အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းမှ ယခုလို ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုနေ့ကြီးကို တခမ်းတနားနဲ့ ပြုလုပ်ကျင်းပမယ်ဆိုတဲ့ ဖိတ်ခေါ်ချက်တွေကို ကျနော်တို့ကြားနေရတယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ့်ပြည်ထောင်စုစနစ် အနစ်သာရကို ဖော်ညွန်းတာမဟုတ်ဘဲနဲ့ ၇၅ နှစ်တိုင် သူတို့လိုချင်တဲ့ အာဏာနဲ့ မဟာလူမျိုးကြီးဝါဒအောက်ကနေ ဖန်တီးဖော်ထုတ်တဲ့ အတုအယောင်ပြည်ထောင်စု ဖြစ်တယ်။ အဲ့ဒါကြောင့်မိုလို ဒီကနေ ဒီအချိန်မှာ သိမြင်နေရကြတဲ့ နားလည်ထားကြားတဲ့ လွဲမှားတဲ့ တစ်ပြည် ထောင် ပြည်ထောင်စုအောက်က ပုံစံသွင်းလုပ်ယူထားတဲ့ ပြည်ထောင်စု အတုကြီးကို ကျနော်တို့ တိုက်ဖျက်ရမယ်။ ဖြိုဖျက်ရမယ်။” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မှန်ကန်ပြီး တရားမျှတမှုနှင့် တန်းတူညီမျှမှု အပြည့်အဝရှိသည့် ဒီမိုကရေစီကို အပြည့်အဝ အားမခံပေးထားသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရမည်ဖြစ်ကြောင်းနှင့် ၎င်းအတွက် လက်ရှိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးဆာင်ပြီး ဆွေးနွေးညှိနှိုင်း သဘောတူထားသည့် ဖက်ဒရယ် ပဋိညာဉ်ကို ရှေ့ဆက် အတူတကွပုံဖော်သွားရင်း ပြည်ထောင်စု စစ်စစ်ကို တည်ဆောက် သွားရန်လည်း ပဒို စောလှထွန်းက ဆက်လက် တိုက်တွန်းပြောဆိုခဲ့သည်။

နိုင်ငံအတွင်း စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ပြည်သူလူထုများ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် နေ့စဉ်အကြမ်းဖက်မှုကို ကြုံတွေ့နေရစဉ် စစ်ကောင်စီမှ ဦးဆောင်ပြီး ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို အခမ်းအနားကြီးများဖြင့် ပြုလုပ်သွားရန် စီစဉ်ထားသလို ၎င်းနေ့ကို အကြောင်းပြု၍လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးရန် ဖိတ်ခေါ်မှုများ ပြုလုပ် ထားသေးသည်။

၎င်းက စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ကေအဲန်ယူမှ တက်ရောက်ရန် ငြင်းဆိုထားသော်လည်း ကျန်အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအပြင် အခြာသော လက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားကြသည်။

ထိုသို့ စစ်တပ်၏ ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်မှုနှင့်ပတ်သက်၍လည်း ကေအဲန်ယူ အနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်ရန် ခေတ်အဆက်ဆက် အုပ်စိုးသူ အစိုးရများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ် ခဲ့သော်လည်း ၎င်းအုပ်စိုး သူများ၏ နိုင်ငံရေး စိတ်ဆန္ဒမရှိမှု နှင့် မရိုးဖြောင့် မှုများကြောင့် ယနေ့အချိန်ထိ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိကြောင်းလည်း ကေအဲန်ယူက ဆိုသည်။

အလားတူ အပစ်ရပ် NCA ကို အခြေခံပြီး အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ တတ်သိပညာရှင်များနှင့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည့် အစုအဖွဲ့ ပေါင်းစုံ ပါဝင်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း လိုချင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပန်းတိုင်မရောက်ခဲ့သည့် အခြေအနေအောက်တွင် လက်ရှိစစ်တပ်၏ ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးမည့် ရလဒ်ကို တွက်ဆ မြင်နိုင်ကြောင်းလည်း ပဒို စောလှထွန်း ယခုလို ဆက်ပြောသည်။

“တကယ့်ကို ပွင့်လင်းမြင်သာတဲ့ အရပ်သားအစိုးရပေါ်ပေါက်လာခဲ့တဲ့ အခြေအနေအောက်မှာတောင်မှ ကျနော်တို့ ဆွေးနွေးရမည့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို တပ်မတော်မှ ပိတ်ပင် ဟန့်တား နောက်ယှက်တာတွေ ပြုလုပ်ခဲ့ တယ်။ အခု ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်မှာ အစိုးရလည်းမရှိ လွှတ်တော်လည်း မရှိ နိုင်ငံရေး ပါတီလည်း ပြန့်ကြဲ။ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူ့ရဲ့ အခန်းကဏ္ဍမှာပါဝင်ပြီးတော့ အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကာလမှ အခုခေါ်လိုက်တဲ့ နိုင်ငံရေးအကြိုဆွေးနွေးပွဲဟာ တကယ့်ကို မဖြစ်နိုင်တဲ့ အချိန်ကာလအနေနဲ့ရှိပါလိမ့်မယ်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ထို့အပြင် တပ်မတော်၏ အာဏာထိန်းချုပ်မှုအောက်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲသည်လည်း မှန်ကန်ပြီး တည်ဆောက်ချင်သည့် ပြည်ထောင်စုကြီးကို ဖော်ဆောင်သွာနိုင်မည်ဟု အယုံအကြည်မရှိကြောင်း နှင့် နိုင်ငံရေး စိတ်ဆန္ဒ မှန်ကန်ပါက စစ်တပ်အနေဖြင့် နိုင်ငံရေး အခန်းကဏ္ဍမှ မပါဝင်ရန် လိုအပ်ကြောင်းလည်း ကေအဲန်ယူဘက်က၎င်းတို့၏ သဘောထားကို အခြေခံပြီး ထောက်ပြပြောဆိုခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ ဆွေးနွေးပွဲသို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့်အဖွဲ့မှလွဲ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အပြင် NCA လက်မှတ်မထိုထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ထာဝရငြိမ်းချမ်း ရေးအတွက် ဖိတ်ခေါ်သည်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ဖိတ်ခေါ်ထား ခြင်းဖြစ်သည်။

လာမည့် နံနက်ဖန်တွင်လည်း နေပြည်တော်တွင် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ဗိုလ်ရှု့သဘင် အခမ်းအနားများဖြင့် တိုင်းရင်းသား လူမျိုးများ၊ နိုင်ငံ၏ အထင်ကရ ဒေသများပါဝင်သည့် သရုပ်ပြယာဉ်များတည်ဆောက်၍ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်ရှု့သဘင် ခံသွားမည်ဖြစ်သည်။

အလားတူ စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ကေအဲန်ယူအနေဖြင့် တက်ရောက်သွားမည်မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း ကေအဲန်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့မှ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

KIC – ပေးပို့သည်။