4 June 2026 /

See today's Peace Related News

Homeသတင်းကိုဗစ်ဗိုင်းရပ်စ် တွေ့ရှိသည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ကန့်သတ်မှုအချို့ လျှော့ချ

ကိုဗစ်ဗိုင်းရပ်စ် တွေ့ရှိသည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ကန့်သတ်မှုအချို့ လျှော့ချ

ဒီဇင်ဘာ ၄ရက်၊ ၂၀၂ဝပြည့်နှစ်။

နိုဝင်ဘာ ၁၉ ရက်နေ့ က Covid-19 အတည်ပြုလူနာ တစ်ဦးကို စမ်းသပ်တေ့ွရှိခဲ့သည့် ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ကန့်သတ်ပိတ်ပင်မှုတချို့ကို ပြန်လည်ဖြေလျှော့လိုက်ပြီး ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှသိရသည်။

ကိုဗစ်အတည်ပြုလူနာ တွေ့ရှိပြီးနောက် ၎င်းနှင့်ထိတွေ့ခဲ့သူ (၁၆)ဦးအပါအဝင် မိသားစုဝင် ၄ ဦးနှင့် လူဦးရေ စုစုပေါင်း (၁၀၀) ကျော်ကို ဆက်လက် စမ်းသပ်စစ်ဆေးရာတွင် (Covid-19 negative) ရလဒ် ထွက်ပေါ်၍ ရောဂါပိုးမတွေ့ရှိသောကြောင့် စခန်းအတွင်း ဝင်ထွက်သွားလာမှု တချို့ကို ပြန်လည်း ခွင့်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း စခန်း ဥက္ကဌ စောထွန်းထွန်းက ပြောသည်။

၎င်းက “အခု စခန်းထဲမှာ ဝင်ထွက်သွားလာတာ၊ ဈေးတွေ ဘာတွေ ပြန်ဖွင့်နေပြီး။ ရပ်ကွက် တစ်ခုနဲ့ တစ်ခု သွားလာလို့လည်းရပြီး။ ဒါပေမဲ့ Mask တပ်ပြီးသွားရမယ်။ မနက် (၅) နာရီကနေ ညနေ ၇ နာရီအထိပဲ သွားလို့ ရပြီးတော့ ညပိုင်းသွားလို့ မရဘူး။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ဘာသာရေး ဆိုင်ရာ လူစုလူဝေးများနှင့် ခရစ္စမတ် ရာသီပွဲတော်များကိုလည်း အကန့်အသတ်ဖြင့် ပြု လုပ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း နှင့် စခန်း ပြင်ပ လူများကို ဝင်ခွင့်ပေးသွားမည်မဟုတ်ကြောင်းလည်း စောထွန်းထွန်း ကဆက်ပြောသည်။

လက်ရှိ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအပြင် စခန်းပြင်ပမှ ပြန်ဝင်လာသူများကို Quarantine ဆက် လက်ထားရှိနေဆဲဖြစ်သော်လည်း စခန်းနှင့်သက်ဆိုင်သည့် ထိုင်းအာဏာပိုင်များမှ ၎င်းတို့နှင့် တွေ့ဆုံ၍ အခြေအနေမေးမြန်ကြည့်ရှု့စစ်ဆေးပြီးလျှင် နေအိမ်အသီးသီးသို့ ပြန်နေခွင့်ပြုသွားရန် စီစဉ်နေကြောင်းလည်း စခန်း တာဝန်ရှိသူများက ဆိုသည်။

အုန်းဖျန် ဒုက္ခသည်စခန်း၏ ရပ်ကွက်(၄)၊ အိမ်နံပါတ် (၈၅)တွင် နေထိုင်နေသူ အသက် ၄၈ နှစ်အရွယ် စောကနဲ ဆိုသူ အမျိုးသားသည် အပြင်းဖျားပြီး နှာစေးချောင်းဆိုးမှုများ ဖြစ်ပွားခြင်းကြောင့် စခန်းတွင်း ဆေးခန်းသို့ သွားရောက် ပြသရာ၌ ကျန်းမာရေး တာဝန်ရှိသူများမှ အာခေါင်တို့ဖတ် ရယူစစ်ဆေးရာတွင် ကိုဗစ် Positive ဖြစ်ပွားနေကြောင်း တွေ့ရှိ၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က စခန်းတစ်လုံး ဝင်ထွက်သွားလာ မှုများနှင့် လူစုလူဝေးပြုလုပ်မှုများကို ကန့် သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ထို့နောက် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံးကြီးမှ ကျန်းမာရေး တာဝန်ရှိသူများသည် ၎င်း ဒုက္ခသည်စခန်းသို့ သွားရောက်၍ လူနာနှင့် ထိတွေ့ခဲ့သူ မိသာစုဝင် (၄)ဦး အပြင် ရပ်ကွက်တွင်းနေသူ (၁၆) ဦးနှင့် နောက်ထက် လူဦးရေ (၁၃၂)ဦး၏ နှာခေါင်းတို့ဖတ်ရယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ရောဂါ လက္ခဏာ (negative) ရလဒ် ပေါ်ထွက်ခဲ့ကြောင်းသိရသည်။

၎င်းကိုဗစ်အတည်ပြုလူနာသည် ဒုက္ခသည်စခန်းပြင်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၄ရက်နေ့က စခန်းတွင်းသို့ ပြန်ရောက်လာခဲ့သည် ဟု သိရသည်။

စအိုင်ဆူး (KIC) – ရေးသည်။