5 June 2026 /

See today's Peace Related News

Homeသတင်းဖျာပုံမြို့တွင် မိုင်းကွဲမှုကို စစ်ဆေးသည့် ရဲကား မိုင်းဖြင့် တိုက်ခံရ၊ ရဲ ၄ ဦး ဒဏ်ရာရ

ဖျာပုံမြို့တွင် မိုင်းကွဲမှုကို စစ်ဆေးသည့် ရဲကား မိုင်းဖြင့် တိုက်ခံရ၊ ရဲ ၄ ဦး ဒဏ်ရာရ

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ ဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု မြို့ခံများက ပြောသည်။

မိုင်းပေါက်ကွဲခဲ့သည့် ဖျာပုံမြို့ဝင်ဂိတ်ကို စစ်ဆေးကာ ပြန်လာကြသည့်ကားကို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Black Dragon Commando တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“အဲဒီ စစ်ဆေးရေးဂိတ်မှာရှိတဲ့ ရဲတပ်ဖွဲ့က ဗိုလ်တစ်ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟု Black Dragon Commando တပ်ဖွဲ့မှ ဗိုလ်နိုင်းဒီက အတည်ပြုပြောဆိုသည်။

ဖျာပုံ-ကျိုက်လတ် အဝေးပြေးလမ်းမပေါ်ရှိ၊ ချောင်းတွင်းတံတားခြေဆင်းက မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ ၂၈ ရက်နေ့ ကြာသပတေးနေ့ နံနက်ပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အခင်းဖြစ်သည့် နေရာသို့သွားရောက်ပြီး ပြန်လာကြသည့် စစ်ကောင်စီတပ်၏ ကားကို အထွေထွေအုပ်ချူပ်ရေးမှူးရုံး ရွှေရတု ဧည့်ရိပ်သာသို့ ဝင်ခါနီးတွင် ဆိုင်ကယ်မိုင်းဖြင့် ယနေ့၊ နံနက် ၁၁ နာရီခွဲအချိန်က ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Black Dragon Commando တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုတွင် တိုင်ပင်အချိန်ဆချက် အနည်းငယ်လိုအပ်မှူကြောင့် စစ်ကား အနောက်ခြမ်းသာ ထိခိုက်ပျက်စီးခဲ့ပြီး ကားထဲက ရဲ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးက ဒဏ်ရာပြင်းထန်သည်ဟု ယင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဖျာပုံမြို့အတွင်း မိုင်းစစ်ဆင်ရေးသည် Black Dragon Commando တပ်ဖွဲ့၏ ပွဲဦးထွက် Level-1 စစ်ဆင်ရေးဖြစ်သည်ဟု ဗိုလ်နိုင်းဒီက ပြောသည်။

၎င်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဖျာပုံ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Ayeyarwaddy UG Association တို့က ပံ့ပိုကူညီထားကြောင်း Black Dragon Commando အဖွဲ့ တာဝန်ရှိသူက ပြောသည်။

NMG – ပေးပို့သည်။