“မှန်မှန်ကန်ကန်နဲ့ အမှန်တရားဘက်ကို ရပ်ရဲဖို့လိုတယ်။ ဒီလူက ကိုယ့်ရဲ့ NLD က ဖြစ်လို့၊ ဒါက ကိုယ့်ခေါင်းဆောင်ဖြစ်လို့ ဒီလိုမျိုးကတော့ အခုချိန်ကာလမှာ မလုပ်သင့်ဘူး မဖြစ်သင့်ဘူး။ ဒါ ကျမတို့ ရဲရဲတင်းတင်းနဲ့ပေါ့ အမှန်တရားဘက်က ရပ်ဖို့ ပြန်ပြီးတော့မှ တိုက်တွန်းချင်တယ်” မမီးငယ် – WLB

0
23
ပုံစာ - မမီးငယ် - WLB

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက် အမြတ်ထုတ်မှုအပေါ် အမှန်တရားနှင့်တရားမျှတမှု အမြန်ဖော်ဆောင်ပေးရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ မမီးငယ်နှင့် ဆက်သွယ်မေးမြန်းချက်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံး၊ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုင်းဇက်ခင်သည် ရုံး၏အတွင်းရေးမှူး အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက် အမြတ်ထုတ်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့်အပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါသည်။

ဆလိုင်းအိုက်ဇက်ခင် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအပါအဝင် အလားတူ အကြမ်းဖက်မှု ကျူးလွန်သူကို ထိရောက်စွာ အပြစ်ပေးအရေးယူပေးရန်နှင့် နစ်နာသူအမျိုးသမီး၊ မိန်းကလေးငယ်များအတွက် အမှန်တရားနှင့် တရားမျှတမှု အမြန်ဖော်ဆောင်ပေးရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လေးနက်စွာ တိုက်တွန်းကြောင်း WLB (Women’s League of Burma) ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

အတွင်းရေးမှူးအမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် ဖြစ်စဉ်၊ စွပ်စွဲချက်နှင့် ပတ်သက်ပြီး ဆလိုင်းအိုက်ဇက်ခင်က ငြင်းဆိုခဲ့မှု၊ အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိတော်လှန်ရေးနယ်မြေထဲက အမျိုးသမီးများအပေါ် ရိုက်ခတ်နိုင်မှုများ၊ NUG ၏ တုန့်ပြန်မှုအပေါ် ဆက်လက်ဆောင်ရွက်သွားမည့် အခြေနေများကို WLB ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူ မမီးငယ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒီအမှုက ဘယ်အချိန်တုန်းက စဖြစ်ပွားခဲ့တာပါလဲ။ ပြောပြပေးလို့ ရမလား။

ဖြေ။ ။ ကျမတို့ ကာယကံရှင်နဲ့ တွေ့တယ်ပေါ့နော်။ တွေ့တော့ ကာယကံရှင်နဲ့ ကျမတို့ အစည်းအဝေး လုပ်တယ်။ သူက ဧပြီလမှာ အလုပ်စဝင်တာ ဖြစ်တယ်။ သူဝင်ပြီး တစ်ပတ်လောက်မှာ အဲ့လိုမျိုး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုက စဖြစ်တယ်ပေါ့နော်။ sexual harassment စ ဖြစ်တယ်။ ဒါပေမဲ့ ဒီအမျိုးသမီးက သူ့အတွက် အဆင်မပြေကြောင်းသူပြောတယ်။ သူ့အတွက်က လုံးဝ Response ဖြစ်တယ်။ လုံးဝ အဆင်မပြေဘူး။ သူဒီလိုမျိုး မကြိုက်ဘူးဆိုတာ သူဖွင့်ပြောတယ်လို့ ပြောတယ်။

သူအလုပ်လုပ်ပြီး နောက် ၂ လ နေမှ ဒီအလုပ်ထွက်မယ်ဆိုပြီး ထွက်ဖို့ ပြင်နေတယ်ပေါ့နော်။ သူ့ရဲ့ အရာရှိ ဆလိုင်းအိုင်းဇက်ခင်ကို သူက ပြန်ပြီးမှ နှုတ်ထွက်ဖို့ ပြောတယ်။ ဒါပေမဲ့ လက်မခံခဲ့ဘူးပေါ့နော်။ အဲ့လိုမျိုး နှုတ်ထွက်ဖို့ ၃ ကြိမ် ပြုလုပ်ခဲ့တယ်။ ပြီးမှ တခြားဝန်ထမ်းတွေလည်း အတူတင်တယ်ပေါ့နော်။ သူကတော့ ကာယကံရှင် ဖြစ်တယ်၊ နောက်နှစ်ယောက်က ဝန်ထမ်းဖြစ်ပေမယ့် ရာထူးနဲ့ မသက်ဆိုင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ ဒီဆလိုင်းအိုက်ဇက်ခင်က ရာထူးနဲ့ မသက်ဆိုင်တဲ့ဟာ သူ့ရဲ့ Personal သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ သူခိုင်းတယ်။ ဥပမာ အဝတ်လျှော်ခိုင်းတာတို့၊ မီးပူတိုက်ခိုင်းတာတို့ ဒီလိုမျိုး သူတို့ရုံးနဲ့ မသက်ဆိုင်တဲ့ ဟာတွေပေါ့။

အဲ့လိုမျိုး ခိုင်းတဲ့အပေါ်မှာ သူတို့လည်း မကျေနပ်ဘူး။ သူတို့မှာ ခံစားချက်တွေပေါ့နော်။ လုံးဝလေးစားမှု မရှိဘဲနဲ့ ဝန်ထမ်းအချင်းချင်းကို လုပ်တဲ့ဟာတွေရှိတယ်။ ရှိတဲ့အပေါ်မှာ တခြားဝန်ထမ်း တစ်ယောက်ရယ် ခုနက ဒီလိင်ပိုင်းဆိုင်ရာ harassment ခံရတဲ့သူပေါ့နော်၊ အဲ့ဒီ အမျိုးသမီးတွေ သူတို့တိုင်တယ်ပေါ့နော်။ နှုတ်နဲ့သော် လည်းကောင်းတိုင်တယ်။ တိုင်ပြီးနောက်မှာ ဒီ NUG ဝန်ကြီး ဌာနကို ပြန်ချိတ်ဆက်ပြီးမှ အစည်းအဝေးလုပ်ဖို့ ပေါ့နော် ဒီလိုမျိုး ပြန်လုပ်ပေးခဲ့တာ ရှိတယ်ပေါ့။

မေး။ ။ ဒီလ ၂၄ ရက်နေ့တုန်းကပေါ့နော် ဆလိုင်းအိုက်ဇက်ခင်ကနေ မဇ္ဈိမနဲ့ အင်တာဗျူးတစ်ခုမှာ ဒီကိစ္စတွေကို သူ့ဘက်က မကျူးလွန်ပါဘူးဆိုပြီးတော့မှ ငြင်းဆန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်ပါလဲ။

ဖြေ။ ။ ကျမတို့ သမိုင်းတလျှောက်မှာပေါ့နော် ကျူးလွန်တဲ့သူက လူတစ်ယောက် Public stable ဖြစ်တဲ့သူပေါ့နော် ဂုဏ်သိက္ခာရှိစွာနဲ့ ကျူးလွန်တာ ကျမတို့ သမိုင်းတလျှောက်မှာ ကြည့်မယ်ဆို ဘယ်သူ့မှ သူတို့တွေ ကျူးလွန်ခဲ့တယ်လို့ ဝန်ခံတာ တစ်ခုမှမရှိခဲ့ဘူး။ အဲ့ဒီတော့ သူလည်း ဘယ်တော့မှ ဒီတိုင်းဝန်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ Investigation တွေ လာမယ်ဆို သူမှားပါတယ်ဆိုတဲ့ဟာက ဝန်ခံမယ်ပေါ့နော။

ပြီးရင် ဝန်ကြီးဌာန အဓိက ဒီနိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာ အဲမှာတိုင်တဲ့အခါမှာ သူတို့တွေကနေမှ နောက်တခါ ဒီလိုမျိုး Sexual Harassment ထပ်မဖြစ်အောင် နှုတ်နဲ့ ဝန်ကြီးဌာနကနေ စာထုတ်တာရှိတယ်။ ဆိုတော့ ဒါက မဖြစ်ဘဲနဲ့ ဝန်ကြီးဌာနက ဒီလိုမျိုး စာနဲ့ပေနဲ့ထုတ်လာမှာ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ဝန်ကြီးဌာနကိုယ်တိုင်က စာနဲ့ပေနဲ့တော့ ထုတ်လာတာ ရှိတယ်။ ဒါကတော့ Internally ဖြစ်တယ်ပေါ့နော။ ဒါပေမဲ့ Public မှာတော့ သူ့အင်တာဗျူးမှာဆို သူလုံးဝလက်မခံဘူး မလုပ်ပါဘူးဆိုပြီး ပြောတယ်။ ဒါပေမဲ့ တကယ့်မှာက သူသည်ဖြစ်လို့ ဝန်ကြီးဌာနက သူ့ကို warning ပေးထားတာ ဖြစ်တယ်ပေါ့။

မေး။ ။ နောက်တခုက NUG ကလည်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီအပေါ်မှာရော မမီးငယ်တို့အနေနဲ့ ဘယ်လိုမျိုးမြင်ပါလဲ။

ဖြေ။ ။ ဒါကတော့ ကျမတို့ ကြိုဆိုတယ်။ ဒါလုပ်သင့်လုပ်ထိုက်တာ ဖြစ်တယ်၊ လုပ်ကိုလုပ်ရမှာ ဖြစ်တယ်။ ကျမ တို့က စစ်တပ်ကို မကြိုက်လို့ သူ့ရဲ့စနစ်တွေကို မကြိုက်လို့ တော်လှန်တဲ့အချိန် ဖြစ်တယ်။ အဲ့ဒီလိုပဲ စစ်တပ်ရဲ့ ခြေရာပြန်နင်းတာဆိုတော့ လုံးဝမဖြစ်သင့်တဲ့အရာ ဖြစ်တယ်။

အဲ့တော့ NUG ဝန်ကြီးဌာနတွေက လုပ်တာလည်း ကျမတို့ ကြိုဆိုတယ်။ ဒါပေမဲ့ ကျမတို့ စာကိုဖတ်မယ်ဆိုရင် သူသည် ယာယီပဲ ယာယီခဏ ရပ်ဆိုင်းထားတာကို ကျမတို့ တွေ့ရတယ်။ အဲ့တော့ ယာယီတော့ မဖြစ်သင့်ဘူး။ ဒါက အရေးယူ ဆောင်ရွက်မှုတွေလုပ်ပြီးမှ တကယ် အဖြေမှန် ရတဲ့အချိန်မှ တရားစီရင်ရေးက မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်းတော့ဖြစ်ဖို့ လိုအပ်တယ်ပေါ့။

မေး။ ။ ဒီလိုမျိုး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ တရားမျှတမှုရရှိဖို့ မမီးငယ်တို့အနေနဲ့ ဘယ်လိုများ ဘယ်အပိုင်းကနေ ကူညီဆောင်ရွက်ပေးနိုင်ပါလဲ။

ဖြေ။ ။ ကျမတို့ကတော့ ကာယကံရှင်ကတော့ အမျိုးသမီးဖြစ်တယ်ပေါ့နော်။ အမျိုးသမီးဖြစ်တဲ့အပေါ်မှာ Personal attack တွေ လာတယ်၊ သီးသန့်လာညှိတာ ရှိတယ်။ ပြီးရင်ညှိတဲ့အချိန်မှာ မသမာမှုများစွာနဲ့ ကာယကံ ရှင်ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ မမေးဘဲနဲ့ မမေးဘူး။ ခွင့်မတောင်းဘူး။ အဲလိုမျိုး သူ့အနေနဲ့ အသံသွင်းတာတွေရှိတယ်။ အသံခိုးသွင်းလာတာ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီအသံခိုးသွင်းတာတွေက ခွင့်ပြုချက်တောင်းရတယ်ပေါ့နော်။ ဒါပေမဲ့ အဲ့ဒီအမျိုးသမီးက ဝန်ခံခဲ့ရင် သူက Public တွေ ပြန်သုံးဖို့ရှိတယ်ပေါ့နော်။ မရိုးသားမှုတွေ အများကြီး ပြန်တွေ့ ရတယ်၊ ပြန်ကြားရတယ်ပေါ့နော်။

ကျမတို့အနေနဲ့ကတော့ သူ့ကိုကြံ့ကြံ့ခိုင်နိုင်အောင် Counseling ပေးတာတွေ ရှိတယ်ပေါ့နော်။ စိတ်ခွန်အားပိုင်း ဆိုင်ရာတွေ အားပေးနှစ်သိမ့်မှုတွေရှိတယ်။ အခုလက်ရှိအနေအထားကတော့ အမျိုးသမီးတင် မကဘူးပေါ့။ အမျိုးသမီး အဖွဲ့အစည်းသာမက တခြား အမျိုးသားခေါင်းဆောင်တွေကလည်း ဒီလိုမျိုးကို ကန့်ကွက်တယ် ရှုတ်ချတယ်ပေါ့နော။ ပြီးရင် ဒီအရေးက အမျိုးသမီးတွေအနေနဲ့ တစ်ဦးထဲနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ပဲ ဆိုင်တာ မဟုတ်ဘူး၊ ဒါက ကျမတို့ အမျိုးသားရေးဖြစ်တယ်။

ဘာလို့လဲဆိုတော့ အမျိုးသမီးတွေ ကိုယ့်ရဲ့ပါတ်ဝန်းကျင် မလုံခြုံဘူးဆိုရင် ဒါ အမျိုးသားရေးနဲ့ လုံခြုံရေးကို ထိခိုက်တာ ဖြစ်တယ်။ အဲ့ဒါဆိုတော့ ဒီဟာက ကျမတို့နဲ့ အဖွဲ့တွေပေါ့နော် ကျမတို့ ချိတ်ဆက်ဆောင်ရွက် နေတာတွေ အများကြီးရှိတယ်။ အဲ့တော့ ဒီအမှုတစ်ခုထဲ မဟုတ်ဘဲနဲ့ တခြားအမှုတွေလည်း ဒီလိုပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အမျိုးသမီးတွေခံရနေတာ ရှိတယ်ပေါ့နော။

ဒီလိုမျိုး တရားမျှတမှုအတွက် ကျမတို့ ဆောင်ရွက်နေတဲ့ဟာတွေတော့ ရှိသေးတယ်။ လောလောဆယ်တော့ ဒါ ကျမတို့ အများကြီးပြောလို့ မရသေးတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ လောလောဆယ်တော့ ကျမတို့ အချိတ်အဆက် တွေ ရှိနေကြတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ တရားမျှတရေးကို ပေါ်ပေါက်လာဖို့အတွက် ကျမတို့ ကြိုးစား နေပါတယ်ပေါ့။

မေး။ ။ နောက်မေးချင်တာက ဒီ NUG အောက်ကပေါ့ ဝန်ကြီးဌာနတွေ၊ ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေကြားထဲ ဒီလို ဖြစ်စဉ်မျိုးက အခုမှဖြစ်တာလား၊ အရင်ကရော ဒီလိုမျိုး ကျူးလွန်တဲ့ဖြစ်စဉ်တွေ ရှိသေးလား။

ဖြေ။ ။ ဒါ ကျမတို့ Statement ထဲမှာလည်း တွေ့ရမယ်ပေါ့နော်၊ ဒီမှာ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးအောင်မင်းကနေမှ CDM ဆရာမပေါ့နော် သူ့ ( CDM ဆရာမ) ရဲ့သမီး ၅ နှစ် သမီးအရွယ်ကို လိင်ပိုင်းဆိုင်ရာ မုဒိန်းမှု (သက်ငယ်မုဒိန်းမှု) ကျူးလွန်ခဲ့တာ တွေ့ရတယ်။ ဒီဟာတွေလည်း ကောင်းကောင်းမွန်မွန် အရေးယူ ဆောင်ရွက်ခဲ့မှု မရှိခဲ့ဘူး။ သူတို့မေးတယ်၊ သူတို့ တွေ့ဆုံဆွေးတာတွေ investigation တွေ လုပ်ခဲ့တယ်။ တရားမျှတရေး မရခဲ့ဘူး။

ယနေ့ချိန်ထိ ကျူးလွန်တဲ့သူက အပြစ်ကနေမှ ကျူးလွန်ခွင့် ရနေတယ်ပေါ့နော၊ ဒီလိုမျိုးတွေကလည်း ရှိနေတယ် ပေါ့နော်။ တစ်နှစ်ကျော် သွားပြီပေါ့နော်။ အဲ့လိုမျိုးတွေ ဖြစ်နေတယ်။ ဒါကတော့ ကျမတို့လက်လှမ်းမီတဲ့ အမှုတွေ ပေါ့နော်။ အမှုအသေးတွေလည်း အများကြီးရှိဦးမှာ ဖြစ်တယ်။ အဲ့တော့ ကျမတို့ရဲ့တော်လှန်ရေးအစိုးရ ဖြစ်သလို ဒါကျမတို့ တရားမျှတရေး လုပ်ရမယ့်ဟာကတော့ NUG ရဲ့တာဝန် ဖြစ်တယ်။

မေး။ ။ ဒီလိုဖြစ်ရပ်မျိုးတွေအတွက် တရားမျှတမှုရရှိဖို့အတွက်ရော နောက်နောင် ဒီလိုမျိုးထပ်မဖြစ်ဖို့ အတွက်က NUG အနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်လို့ အကြံပြုချင်ပါလဲ။

ဖြေ။ ။ NUG အနေနဲ့ သူ့မှာက မူ Policy ရှိတယ်ပေါ့။ ဒီဟာတွေက တကယ်လိုက်နာဖို့လိုတယ်။ ဒီစာရွက် ထဲမှာ စာအုပ်ထဲမှာ ရှိနေရုံနဲ့မပြည့်စုံဘူး။ ဒီဟာကို တကယ်လိုက်နာဖို့လိုတယ်။ ပြီးရင် တကယ်လိုက်နာတယ် ဆိုတာ Monitoring လိုအပ်တယ်ပေါ့။ Monitor ဆက်လုပ်ဖို့ လိုအပ်တယ်။ မဟုတ်ဘူးဆိုရင် ဒီဟာက ဒီဟာတွေ က လူပြလို့ကောင်းအောင်ပဲ သိပ်ပြီးအကျိုးမရှိဘူးပေါ့နော်။ ရှိတဲ့မူတွေကို တကယ်လိုက်နာ ကျင့်သုံးဖို့လိုတယ်။

မဟုတ်ဘူးဆိုရင် ဒီဟာတွေက ကျမတို့အတွက် အချင်းချင်းကြားမှာ ယုံကြည်မှုတွေ လျှော့နည်းစေတယ်။ အချင်းချင်း ပြီးတော့မှ အဆင်မပြေမှုတွေ ကျမတို့ကြားမှာ ပိုပြီးတော့မှ အက်ကွဲတာ ပိုများစေတယ်။ ဒီလိုမျိုး မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ကျမတို့ မူတွေကို ကောင်းကောင်းမွန်မွန် ကျင့်သုံးရမယ်။ ပြီးလို့ရှိရင် ဒီထက်မက ကျမတို့ ယုံကြည်မှုတွေ ပိုပြီးတော့မှ တည်ဆောက်ဖို့ လိုအပ်တယ်ပေါ့။

မေး။ ။ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာရတဲ့အတွက် တော်လှန်ရေးနယ်မြေမှာရှိတဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ်ပေါ့၊ NUG ရဲ့ လက်အောက်မှာရှိတဲ့ ထိန်းချုပ်နယ်မြေက အမျိုးသမီးတွေအတွက် ဘယ်လိုမျိုးစိုးရိမ်မှုတွေ ရှိလာလဲ။

ဖြေ။ ။ ဒါက အရမ်းကြီးမားတဲ့ဖြစ်စဉ် ဖြစ်တယ်ပေါ့နော်။ အဲ့တော့ ကျမတို့သိပါတယ်။ တိုးတိုးတိတ်တိတ်နဲ့ PDF တွေက ကျူးလွန်တဲ့ဟာတွေ ရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့တော်လှန်ရေးကို ရိုက်ခတ်မှာစိုးလို့ ဒီတော်လှန်ရေး ကာလပြီးတဲ့အချိန်မှပဲ ဖြေရှင်းမယ်ဆိုတဲ့ဟာတွေ ကျမတို့ကြားရတယ်ပေါ့နော်။ ဒါပေမဲ့ ဒီဟာက ဘယ်လိုမျိုး ကာလဖြစ်ဖြစ် ကျမတို့က ကာကွယ်တားဆီးရမှာဖြစ်တယ်။ ဖြစ်တဲ့ဟာကိုလည်း ကျမတို့ အရေးယူဆောင်ရွက်မှု တွေ လုပ်ရမှာဖြစ်တယ်။ မဖြစ်အောင်လည်း ကျမတို့ ကြိုတင်ပြီးမှ ကာကွယ်တားဆီးရမှာ ဖြစ်တယ်ပေါ့နော်။ အခုဖြစ်တဲ့ဟာက တကယ့်ကိုယ်စားလှယ်ကနေ ဖြစ်တယ်။ အရမ်းကြီးတဲ့ ရာထူးကနေ ဖြစ်တယ်ဆိုတော့ တော်လှန်ရေးကို အရမ်းရိုက်ခတ်တယ်။

ပြီးရင် အမျိုးသမီးတွေအနေနဲ့ ပိုမိုမလုံခြုံဘူး။ အခုကျမတို့က ပိုမလုံခြုံမှုဆိုတာ ရှိလာတယ်။ ပြီးရင် ကျမတို့ တိုက်နေတဲ့ တော်လှန်ရေးက အများအားလုံးအတွက် ဖြစ်တယ်။ NUG အတွက် တိုက်နေတာမဟုတ်ဘူး။ မြန်မာပြည်ရဲ့ တစ်ပြည်လုံးတိုက်နေတယ်။ ဒီတော်လှန်ရေးထဲမှာ ပါဝင်နေတာဖြစ်တယ်ပေါ့နော်။ အဲဒါဆိုတော့ ကျမတို့တွေလည်း ဒီလိုမျိုးမဖြစ်အောင် ကိုယ့်ရဲ့ရှိနေတဲ့ တော်လှန်ရေးနေရာတွေမှာလည်း ကျမတို့ Code of Conduct တွေ လိုက်နာဖို့ ဒီအတိုင်း သူတို့ရဲ့မူပေါ်လစီအတိုင်း သွားဖို့ပေါ့နော်။ ဒီလိုမျိုး ကာကွယ်ပေးဖို့ မရှိရင် လည်း ကာကွယ်ပေးဖို့ စီစဉ်ပေးရမှာဖြစ်တယ်။

မေး။ ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လောက်ထိ စိုးရိမ်သွားလဲ။

ဖြေ။ ။ ဒီလိုမျိုး ဖြစ်တဲ့ခါကြတော့ စိတ်မကောင်းဘူး၊ အရမ်းကို စိတ်ထိခိုက်တယ်။ လုံးဝ လုံးဝကို မထင်ထားတဲ့ ဟာ၊ အရမ်းကို shock ဖြစ်တယ်ပေါ့နော်။ အောက်ခြေမှာ တကယ့်အောက်ခြေမှာ ရှေ့တန်းမှာ သွားနေတဲ့ အမျိုးသမီးတွေ အတွက်လည်း ကာကွယ်ဖို့ ပိုလိုအပ်တယ်ဆိုတာ အရမ်းကိုထင်ဟပ်စေတယ်ပေါ့နော်။

အဲ့ဒါလည်း ဒီထက်ကို အမျိုးသမီးတွေ လုံလုံခြုံခြုံနဲ့ ရှေ့တန်းမှာသွားလို့ရအောင် ကျမတို့လည်း ဆက်ပြီးမှ သက်ဆိုင်ရာအလိုက် ဆက်လုပ်ဖို့ လိုအပ်တယ်ဆိုတာ ကျမတို့အချင်းချင်း ပြန်လည်ပြီးတော့မှ ဆွေးနွေးတာတွေ ပိုပြီးမှ ပိုရှိလာတယ်ပေါ့နော်။

မေး။ ။ တခြားရော ဘာများဖြည့်စွက်ပြောချင်တာများ ရှိပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်တယ်ပေါ့နော်။ အဲဒီအမှုနဲ့ပတ်သက်ပြီးမှ လာပြီးမေးမြန်းတဲ့အတွက်၊ အဓိက ကျမ တိုက်တွန်းချင်တာက အာဏာရှိတဲ့သူတွေပေါ့နော် အဓိက အာဏာရှိတဲ့သူတွေက သူတို့ရဲ့အာဏာကို အလွှဲသုံးစား လုပ်ပြီးမှ ခုနက အားနည်းတဲ့သူကို၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ပြီးရင် အာဏာကို အလွှဲသုံးစားလုပ်မှုတွေ ကျမတို့က တွေ့ရတယ်ပေါ့နော်။ အမှန်တရား ဖြစ်လာဖို့အတွက် ကျမတို့က ရဲရဲတင်းတင်းလုပ်ဖို့ ပြောဖို့လိုတယ်။

မမှန်တာ မဟုတ်တာဆိုတော့ မီဒီယာသော်လည်းကောင်း ဝန်ကြီးဌာနသော်လည်းကောင်း မှန်မှန်ကန်ကန်ရပ်ဖို့ လိုတယ်။ မဟုတ်ဘူးဆိုရင် ဒီဟာကြီးက ကျမတို့တော်လှန်ရေးအတွက် အင်မတန်ကို နစ်နာစေမယ့်အရာ ဖြစ်သွားနိုင်တယ်။ မှန်မှန်ကန်ကန်နဲ့ အမှန်တရားဘက်ကို ရပ်ရဲဖို့ လိုတယ်။ ဒီလူက ကိုယ့်ရဲ့ NLD က ဖြစ်လို့၊ ဒါက ကိုယ့်ခေါင်းဆောင်ဖြစ်လို့ ဒီလိုမျိုးကတော့ အခုချိန်ကာလမှာ မလုပ်သင့်ဘူး မဖြစ်သင့်ဘူး။

ဒါ ကျမတို့ ရဲရဲတင်းတင်းနဲ့ပေါ့ အမှန်တရားဘက်က ရပ်ဖို့ ပြန်ပြီးတော့မှ တိုက်တွန်းချင်တယ်။ ပြီးရင် ကျမတို့ ရှိပြီးသားမူတွေ ရှိတယ်။ ဒါ အရမ်းကောင်းတဲ့မူတွေ အများကြီး ရှိတယ်ပေါ့နော်။ ပြီးရင်သူတို့မှာ တခြား လိုက်နာရမယ့် ကျင့်ဝတ်တွေလည်း အများကြီးရှိတယ်။ ဒီဟာတွေလည်း ကျမတို့သွားတယ်ဆို ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို ကျမတို့ရောက်မှာ ဖြစ်ပါတယ်ပေါ့။ အဲ့ဒါကို နောက်ဆုံးအနေနဲ့ ပြောချင်တယ်ပေါ့။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here