တိုက်ပွဲပြင်းထန်နေသော ရခိုင်မြို့နယ် ၃ ခုတွင် ဆေးဝါးပြတ်လပ်မှုအခက်အခဲနှင့် ကြုံနေကြရ

0
16

ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေသော မောင်တော၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်များတွင် ဆေးဝါးများ ပြတ်လပ်လာ၍ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့တွင် ဆေးရုံ၊ ဆေးခန်းများ လည်ပတ်မှုမရှိတော့ဘဲ ဆေးဆိုင်များလည်း ပိတ်ထားသဖြင့် အခြေခံအိမ်သုံး ဆေးဝါးများတောင် ရှာမရဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မြို့တွင်းမှာ ဆေးဆိုင်တစ်ဆိုင်မှ မဖွင့်တော့ဘူး။ စားနပ်ရိက္ခာက မြို့တွင်းမှာကျန်နေသေးတဲ့ ကုန်စုံဆိုင်လေးတွေ ဖွင့်ထားတာကြောင့် အဆင်ပြေနိုင်သေးတယ်။ ဆေးတွေက လုံးဝကို ဝယ်လို့မရတော့ဘူး။ ဖျားနာရင်တောင် သောက်စရာဆေးမရှိ ဖြစ်နေတယ်” ဟု သံတွဲမြို့တွင် ကျန်ရှိနေသူတစ်ဦးက ပြောသည်။

သံတွဲမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေ၍ မြို့နေလူထု အများအပြားသည် ဘေးလွတ်ရာတိမ်းရှောင်နေကြပြီး လူဦးရေတစ်ထောင်ခန့်မှာ အခက်အခဲအမျိုးမျိုးကြောင့် မြို့ပေါ်တွင် ကျန်ရှိနေကြသေးသည်။

သံတွဲမြို့နယ်ကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူများမှာလည်း စားနပ်ရိက္ခာအပြင် ဆေးဝါးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာနေသည့် တောင်ကုတ်မြို့နယ်တွင် ဇွန်လပထမပတ်မှစ၍ မြို့အဝင် အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ ဆေးဝါးပြတ်တောက်မှုနှင့် ရင်ဆိုင်နေကြရသည်။

“မြို့တွင်းမှာ ကျန်နေသေးတဲ့ ဆေးဆိုင်တချို့က ဖွင့်သေးတယ်ဆိုပဲမယ့် ဆေးတွေ မရှိတော့ဘူး။ လိုအပ်တဲ့ ဆေးတွေ ဝယ်မရတဲ့ အခြေအနေရှိတယ်။ အခုက မြို့အတွင်းမှာ ကျန်ရှိနေသေးတဲ့လူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

တောင်ကုတ်တိုက်ပွဲကြောင့် သောင်းနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး လူဦးရေ သုံးပုံတစ်ပုံခန့်မှာ စစ်ကောင်စီ၏ သွားလာခွင့်ပိတ်ဆို့ထားမှုကြောင့် မြို့ပေါ်တွင် ပိတ်မိနေကြသည်။

ယင်းအပြင် အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော မောင်တောမြို့နယ်တွင်လည်း ဆေးဝါးများ ပြတ်လပ်နေသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသော နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကလည်း လုပ်ငန်းရပ်ဆိုင်းလိုက်သဖြင့် ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ စိန်ခေါ်မှု ရှိနေကြသည်။

“အခုက ထိခိုက်မှုတစုံတရာ ဖြစ်ရင်တောင် ကျန်းမာရေးစောင့်ရှောက်မှု မရှိတော့ဘူး။ ဆေးဝါးလည်း ရှာမရဘူး။ အရေးပေါ် ကျန်းမာရေးကိစ္စ တစ်ခုခုကြုံလာရင် အသက်အန္တရာယ်အတွက် စိုးရိမ်စရာပါ” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် AA ထိန်းချုပ်ဒေသများ၌ လည်ပတ်နေသော ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ဗုံးကြဲမှုများ ရှိနေသည်။

သို့သော်လည်း ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အဆင်ပြေအောင် ULA/AA က ဆောင်ရွက်ပေးထားကြောင်း ဒေသခံများက ပြောကြသည်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ ဂွ၊ မာန်အောင် မြို့နယ်များတွင် မြို့ပေါ်ဆေးရုံများ ဖွင့်လှစ်ထားသော်လည်း ဆေးဝါးမစုံလင်မှု၊ ဝန်ထမ်းများ စစ်ဘေးတိမ်းရှောင်နေခြင်းများကြောင့် လူနာများအတွက် အဆင်မပြေမှုများ ရှိနေသည်။

တိုက်ပွဲစတင်ချိန်မှစ၍ ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ဒေသနေပြည်သူများ၏ နေ့စဉ်လူမှုဘဝရပ်တည်ရေးမှာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here