“မျောက်ချော၊ နဂါးအိုင်ရွာပေါ့။ ဒီ ၂ ရွာက ရန်သူကြောင့် အများကြီးထိခိုက်သွားတာပေါ့။ ဆိုင်ပစ္စည်းတွေ စားစရာတွေဆိုလည်း အကုန် ကုန်သွားတာပေါ့။ မျောက်ချောရွာမှာ ဈေးရောင်းတဲ့အိမ် ၁၀ အိမ်လောက်ရှိတဲ့အထဲမှာ တစ်အိမ်မှ ဈေးပစ္စည်းတွေ ကျန်တာမရှိဘူး။ နဂါးအိုင်ရွာမှာလည်း အဲလိုပဲ ဘာမှမကျန်ဘူး။ နောက်ပြီး ဆိုင်ကယ်တွေကားတွေ မီးရှို့ထားတာလည်းရှိတယ်” ထားဝယ်ခရိုင်ဒေသခံတစ်ဦး

0
21
ပုံစာ - တောတွင်း၌တွေ့ရသည့် စစ်ဘေးရှောင်တချို့။

ထားဝယ်ခရိုင် မျောက်ချောရွာနှင့် အနီးဝန်းကျင်ရှိရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် ဒေသခံစစ်ရှောင်များနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို သွားရောက်ကူညီပေးနေသည့် ထားဝယ်ခရိုင်ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်တွင်ရှိသည့် မျောက်ချောရွာတွင် ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အဆိုပါဒေသသို့ အင်အားအမြောက်အများဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မျောက်ချောရွာနှင့် အနီးဝန်းကျင်ရှိ ရွာများကို တော်လှန်ရေးတပ်ဖွဲ့များအား ထောက်ပံ ပတ်သတ်နေသည်ဟုဆိုပြီး ရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့မှ စ၍ အဆိုပါဒေသမှ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း စစ်ဘေးရှောင် ဒေသခံများ အခြေအနေ၊ ပျက်စီးဆုံးရှုံးမှုများနှင့် နယ်မြေလုံခြုံရေးအခြေအနေတို့အပေါ် ဒေသခံများကို သွားရောက်ကူညီပေးနေသည့် ထားဝယ်ခရိုင်ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ လက်ရှိ ထားဝယ်ခရိုင်ဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အခြေအနေက တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီဆိုပေမဲ့ မပြန်ရဲသေးတဲ့လူတွေက အများကြီး ရှိနေတယ်။ ပြန်လာဖို့ ထုတ်ပြန်ကြေညာတာ မရှိဘူးဆိုတော့ ဒီအနီးအနား တောတောင်ကြားမှာရှိတဲ့လူတွေ ခြံတွေ၊ ဘုန်းကြီးကျောင်းနားမှာ ရှိတဲ့လူတွေက ပြန်ကြတာပေါ့။ အခြေအနေ ပြန်လာကြည့်ကြတယ်။ အဝေးကြီး ရှောင်ကြတဲ့လူတွေက ပြန်မရောက်သေးဘူးပေါ့။ ဟိုးမိတ်ဆိတ် အရှေ့ထိုင်းနယ်စပ်ဘက် ရောက်နေတဲ့လူတွေက မပြန်ရဲသေးဘူး။

မေး။ ။အခုလောလောဆယ်မှာရော စစ်ကောင်စီတပ်တွေ ရေဖြူဒေသဘက်ကို အင်အားတိုးချဲ့ စစ်ကြောင်း ထိုးနေတာ ရှိပါလား။

ဖြေ။ ။ လောလောဆယ်က ကျနော်တို့ မကြားမိသေးဘူးပေါ့။ ဒါပေမဲ့ စစ်ကြောင်းထိုးဝင်လာတဲ့ အဖွဲ့တွေက ၂၃ ရက်နေ့ကစပြီး ပြန်ထွက်ကုန်ပြီဆိုပေမဲ့ ကျန်နေသေးလားဆိုတာ မသေချာနေတော့ ကျနော်တို့လည်း ဒေသခံတွေ ကို နေအိမ်ပြန်ဖို့ မတိုက်တွန်းရဲသေးဘူးပေါ့။ ကျနော်တို့က သေချာအောင်လည်း စုံစမ်းနေပါတယ်။

မေး။ ။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာချိန်မှာ မိုင်းထောင်ထားတာတွေလည်း ရှိနေတယ်လို့ ကြားရတယ်၊ လက်တွေ့နယ်မြေ လုံခြုံရေးအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဟုတ်တယ် ကျနော်တို့လည်း အဲ့ကိစ္စကို သိပ်မရှင်းဘူး ဖြစ်နေလို့လေ။ တချို့ပြောနေတာကတော့ မိုင်းထောင်ထားတာ ရှိတယ်။ ဒီရုံးပိုင်ရွာနဲ့ နဂါးအိုင်ရွာကြားမှာ ထောင်ထားတာရှိတယ်လို့ ကြားတော့ အဲဒါကြောင့် နဂါးအိုင်ရွာက လူတွေကို ရွာထဲမဝင်သေးဖို့ အတင်းအကြပ်ကို သတိပေးထားတာရှိတယ်။ အားလုံးသန့်ရှင်းရေး လုပ်ပြီး ရှင်းလင်းပြီးမှ ပြန်လာဖို့ ကျနော်တို့ ဝိုင်းဝန်းပြောဆိုရမှာပေါ့။

မေး။ ။ နေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့လူတွေကရော နေရာထိုင်ခင်းအခက်အခဲ ဘယ်လိုရင်ဆိုင်နေရပါလဲ။

ဖြေ။ ။ အခုချိန်က ကိုယ့်ဟာနဲ့ကိုယ် ထွက်ပြေးနေကြတော့လေ နေအိမ်မီးလောင်တဲ့ လူတွေလည်း တိမ်းရှောင် နေတယ်။ ခရီးလွန်နေတယ်ဆိုတော့ သေချာတော့ မသိသေးဘူး။ နေဖို့ထိုင်ဖို့ စားသောက်ဖို့က အခက်အခဲ ရှိမှာပေါ့။ အကယ်လို့ ပြန်လာလို့ရပြီဆိုတဲ့အချိန်မှာ ကိုယ့်မှာပြန်စရာအိမ်လည်း မရှိဘူးဆိုတော့ အခက်အခဲ တော်တော်ကြီးနေမှာပေါ့။ ဒါမဲ့ လူစုပြီးအားလုံးပြန်ရောက်ရင် ခက်ခဲနေတာတွေကို အဆင်ပြေသလောက် စားဖို့သောက်ဖို့ အဆင်ပြေသလောက်တော့ စီစဉ်ရမှာပဲလေ။

မေး။ ။ စစ်ကြောင်းထိုးစဉ်မှာ ဖမ်းဆီးရိုက်နှက်ထားတဲ့ ဒေသခံတွေ ပျောက်နေတဲ့ဒေသခံတွေ ရှိနေတယ်လို့ ကြားတယ်။ လက်ရှိအခြေအနေမှာရော ပြန်တွေ့ပြီလား။

ဖြေ။ ။ လောလောဆယ်က သေချာမသိသေးဘူး။ ၄ ယောက် ရိုက်နှက်ခံထိထားတာ ဆိုတာလည်း သတင်းကြားရုံပဲ။ မျက်မြင်တွေ့တဲ့လူက တစ်ယောက်ပဲ ရှိတယ်လေ။ သူ့တို့ ၄ ယောက်ကို ဒီကြိုးနဲ့ချည်ပြီး နေအိမ် တစ်အိမ်အောက်မှာ ရိုက်နှက်နေတယ်ပေါ့။ လူကိုယ်တိုင်တွေ့ထားတာမရှိတော့ အတပ်မပြောနိုင်ဘူးပေါ့။ ၊ဒါမဲ့ အဲဒီ ၄ ယောက်ကို ရွာထဲခိုးဝင်တာကြောင့်တဲ့၊ သူတို့က မိသားစု စားဖို့သောက်ဖို့ ရိက္ခာပြတ်သွားတော့ လာခိုးဝင်တဲ့အချိန်မှာ သူတို့ (စစ်တပ်)က ဖမ်းမိပြီး ရိုက်နှက်ထားတယ်ပေါ့။

မေး။ ။ ဒေသခံအများစုက လောလောဆယ်ဘယ်တွေကို ထွက်ပြေးတိမ်းရှောင်နေတာရှိကြလဲ။

ဖြေ။ ။ အများစုကတော့ ခြေကျင်လျှောက်ပြီး သွားကြတာ။ ဆိုင်ကယ်တွေကားတွေ ရှိတဲ့လူတွေလည်း ယူလို့ မမီတော့ဘူးလေ။ ယူလို့မီတဲ့ လူတွေလည်း ၁၀ ယောက်လောက်ပဲ ရှိပါတယ်။ အခြေအနေနည်းနည်း ငြိမ်သက် သွားတော့မှ ဘုန်းကြီးကျောင်းမှာ နေတဲ့လူတွေက ကိုယ်အဆင်ပြေတဲ့ ရွာတွေမှာ သွားပြီး ပုန်းခိုကြတယ်ပေါ့။ ဟိုးမိတ်ဇိတ်ရွာ အထက်ဘက်ကို ထွက်ပြေးတဲ့လူတွေက လမ်းလျှောက်သွားတာပဲ များတယ်။

မေး။ ။ နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးမှုရော ဘယ်လောက်လောက်ရှိပါလဲ။ အခြားပျက်စီးဆုံးရှုံးမှု အခြေနေတွေရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ပျက်စီးဆုံးရှုံးမှုကတော့ လက်တွေ့ကျကျ ထိခိုက်သွားတာက ၂ ရွာလောက်ပဲပေါ့၊ မျောက်ချော၊ နဂါးအိုင်ရွာပေါ့။ ဒီ ၂ ရွာက ရန်သူကြောင့် အများကြီးထိခိုက်သွားတာပေါ့။ ဆိုင်ပစ္စည်းတွေ စားစရာတွေဆိုလည်း အကုန် ကုန်သွားတာပေါ့။ မျောက်ချောရွာမှာ ဈေးရောင်းတဲ့အိမ် ၁၀ အိမ်လောက် ရှိတဲ့အထဲမှာ တစ်အိမ်မှ ဈေးပစ္စည်းတွေ ကျန်တာမရှိဘူး။ နဂါးအိုင်ရွာမှာလည်း အဲလိုပဲ ဘာမှမကျန်ဘူး။ နောက်ပြီး ဆိုင်ကယ်တွေ ကားတွေ မီးရှို့ထားတာလည်းရှိတယ်။

ဒါမဲ့ ဘယ်သူဟာတွေလည်းဆိုတာ သေချာမသိသေးဘူး။ နဂါးအိုင်မှာလည်း ရှို့ထားတာရှိတယ်။ မျောက်ချော မှာလည်း ရှို့ထားတာရှိတယ်၊ ကားတွေပဲ ဘယ်သူ့ဘယ်သူရဲ့ ဟာတွေလည်းဆိုတာ ရှင်းရှင်းလင်းလင်းတော့ မသိသေးဘူး> နေအိမ်ကတော့ စုစုပေါင်း ၃၁ လုံး မီးလောင်ခံရတာ ရှိတယ်။ ဒါပေမဲ့ အားလုံးက ပြာကျတဲ့အထိ မဟုတ်ပေမဲ့ အရေအတွက်နဲ့ပြောရရင် ၃၁ ပေါ့။

မေး။ ။ ဒီလိုမျိုးအခြေအနေထိ ဖြစ်လာတော့ ဒေသခံတွေရဲ့အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကိုယ့်ရဲ့ နယ်မြေဒေသရော၊ ပျက်စီးသွားတဲ့ အိုးအိမ်တွေအပေါ် အများကြီး ပူဆွေးရတာပေါ့။ ပြီးတော့ လုံခြုံရေးရယ်၊ ကိုယ့်ရဲ ရေမြေတောတောင် အသက်မွေးဝမ်းကျောင်းနေရာတွေ ပိုင်ဆိုင်မှုတွေကို ဒီမှာပဲ တည်ဆောက်ထားကြတာလေ။ အိမ်ထောင်ရေး၊ လူမှုရေးကအစ ပျက်စီးသွားတော့ အများကြီး ပူဆွေးရတာပေါ့။ လာမယ့်အနာဂတ်မှာလည်း ဒီလိုမျိုး ထပ်ဖြစ်လာနိုင်တာကို သိသွားကြတော့ ပိုပြီးတော့ စိတ်မအေးကြတော့ဘူးလေ။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here