ကရင်နီပြည်တွင် အဆင့်မြင့်ပညာရေးကျောင်း ၅ ကျောင်း ဖွင့်နိုင်ပြီဟု IEC ပြောဆို

0
13

ကရင်နီ (ကယား) ပြည်တွင် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း မည်သည့်အာဏာရှင်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် အဆင့်မြင့်ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ပြီဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောဆိုသည်။

ကရင်နီပြည်နယ်ရှိ IEC အုပ်ချုပ်ရေး သက်ရောက်သည့်ဒေသများတွင် အဆင့်မြင့်ပညာရေး ကျောင်း ၅ ကျောင်းကို ဖွင့်လှစ်သင်ကြားနေပြီဟု IEC ပညာရေးဌာန ဒု-ဌာနမှူး ဦးညီညီဇော်က ယခုလိုပြောသည်။

“အဆင့်မြင့် တက္ကသိုလ်များဖွင့်လှစ်ပေးရတဲ့ ရည်ရွယ်ချက်တွေက ကျနော်တို့ပြည်နယ်အနေနဲ့ လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးနိုင်ဖို့၊ CDM ကျောင်းသူကျောင်းသားများလည်း ပညာသင်ကြားခွင့်ရရှိဖို့ အဓိကပါပဲ” ဟု ၎င်းက ဆိုသည်။

ကရင်နီပြည်အတွင်း အခြေခံပညာအထက်တန်းကျောင်း ပြီးမြောက်အောင်မြင်သူများအတွက် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်၊ ကရင်နီ ဆေးကောလိပ်၊ ကရင်နီ သူနာပြုတက္ကသိုလ်၊ ကရင်နီ ပညာရေးဒီဂရီကောလိပ် စသည့်တို့ကို ဖွင့်လှစ်သင်ကြားနေပြီဟု ဒု-ဌာနမှူး ဦးညီညီဇော်က ဆက်ပြောသည်။

ထို့အပြင် နည်းပညာတက္ကသိုလ်ကိုလည်း ဖွင့်လှစ်ရန် စီစဉ်နေသည့်အပြင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပညာရေးမူဝါဒများကို သက်ဆိုင်ရာ အဆင့်မြင့်တက္ကသိုလ်များနှင့် ပူးပေါင်းရေးဆွဲမှုများကိုပါ လုပ်ဆောင်နေသည်ဟု IEC ပညာရေးဌာနက ဆိုသည်။

စိန်ခေါ်မှုများနှင့် အခက်အခဲမျိုးစုံကြားက ကျောင်းကို ဖွင့်လှစ်ခဲ့ရပြီး ကျောင်းဖွင့်လှစ်ရာတွင် အဓိက ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများမှာ လုံခြုံရေး၊ ဘက်ဂျက်နှင့် ဆရာ/ဆရာမ လစာ၊ ဆက်သွယ်ရေး ခက်ခဲမှု စသည့် အခက်အခဲများကို အများဆုံး ကြုံတွေ့ခဲ့ရသည်ဟု ဒု-ဌာနမှူး ဦးညီညီဇော်က ပြောသည်။

“တချို့ကျောင်းတွေက အခြားအဖွဲ့အစည်းနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ကျောင်းတွေ အများစုက ပုဂ္ဂလိက အလှူရှင်နဲ့ ကိုယ်ထူကိုယ်ထနဲ့ ဖွင့်ထားကြတယ်။ IEC ကလည်း အပြည့်အဝ မထောက်ပံ့ နိုင်သေးဘူးပေါ့လေ” ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖကျေးရွာမှ လာရောက်ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးက “အထူးသဖြင့် စားဝတ်နေရေး အပိုင်းမှာပေါ့နော်၊ အခက်အခဲဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးမှာ အခက်အခဲရှိတာပေါ့နော်။ စာအုပ်တွေကလည်း ကျမတို့ နှစ်သစ်တွေကို အရင်ပေးတယ်။ စာအုပ်က လုံလုံလောက်လောက်မှ မရှိတာ။ ရှိတဲ့ဟာလေးနဲ့ပဲ မျှပေးကြတာပေါ့” ဟု ပြောသည်။

ကျောင်းသားမိဘများဘက်မှလည်း ကျောင်းတက်နေသည့် ကလေးများအတွက် နယ်မြေလုံခြုံရေးကို စိုးရိမ်နေကြသည့်အပြင် သွားရေးလာရေး၊ ဆက်သွယ်ရေးနှင့် ကလေးများကို ကျောင်းထားနိုင်ရန်အတွက် ငွေကြေးအခက်အခဲများလည်း ရှိနေသည်ဟု ပြောဆိုသည်။

ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် IEC ပညာရေးဌာနအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Scholarship Program များအား အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနနှင့်အတူ အဆင့်မြင့်ပညာရေးကို သင်ကြားနိုင်ရေး ကျောင်းသူ/ကျောင်းသားများအတွက် ကြိုးစားနေသည်ဟု ဆိုသည်။

IEC က ဖွင့်လှစ်ထားသည့် အဆင့်မြင့်ကျောင်းများတွင် ကျောင်းသူ/ကျောင်းသားဦးရေ အယောက် ၅၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမ အင်အား ၁၀၀ ကျော်ရှိသည်ဟု IEC ပညာရေးဌာန ဒု-ဌာနမှူးက ပြောသည်။

စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ကရင်နီပြည်တွင် IEC နှင့် ချိတ်ဆက်ထားသော အခြေခံပညာကျောင်း ၄၅၆ ကျောင်း၊ ဆရာ/ဆရာမ ၃၅၄၃ ဦးနှင့် ကျောင်းသူ/ကျောင်းသား ၄၆၄၇၅ ဦးရှိသည်ဟု IEC က ဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here