KIA စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးခေါင်လွမ်း (သို့) ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ရွေးချယ်သွားခဲ့သူ

0
79
ပုံစာ - စစ်ကောင်စီထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ဘွမ်ရေဘွန်တပ်စခန်းတွင်တွေ့ရသော KIA စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့် NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန် (Photo – NUG)

ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း (ခေါင်လွမ်း – R Hkawng Lum) အသက် (၆၂ နှစ်) သည် တိုင်းပြည်တာဝန်ထမ်းဆောင်နေစဉ် မေလ ၁၃ ရက်နေ့ ညနေပိုင်းက ခံစားနေရသည့် အသည်းရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် လက်ရုံးရည်၊ နှလုံးရည်သာမက စွမ်းရည်လည်း ပြည့်ဝသူ ဖြစ်သည့်အပြင် မိမိလက်အောက် ရဲဘော်ရဲဘက်များအပေါ် ရင်းနှီးနွေးထွေးစွာဖြင့် ကျောသားရင်သား ခွဲခြားခြင်းမရှိဘဲ ဆက်ဆံသူလည်းဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ကျေသူလည်း ဖြစ်တာကြောင့် ကချင်လူထုအကြားနှင့် ရဲဘော်ရဲဘက်များအကြား လေးစားအတုယူဖွယ် ခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါသည်။

စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ကတည်းက အသည်းရောဂါ ခံစားနေရသည်ကို သိရှိခဲ့ပေမယ့် တော်လှန်ရေးကာလ အလွန်အရေးကြီးချိန် ဖြစ်တာကြောင့် ဆေးဝါးကုသမှုခံယူရန်ထက် တော်လှန် တိုက်ပွဲဝင်ရန်ကိုသာ ရွေးချယ်ခဲ့သူဖြစ်ကြောင်း ၎င်း၏မိတ်ဆွေများက ပြောဆိုကြသည်။

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းလည်း ဖြစ်ပါသည်။ ၁၉၈၈ လူထုအုံကြွမှုအရေးတော်ပုံတွင် တောခိုကျောင်းသားဘဝကို ရွေးချယ်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်မှာပင် KIA တပ်မတော်ထဲ တပ်သားအဖြစ် ဝင်ရောက်ခဲ့ပြီး စစ်ရေးနှင့် ပတ်သက်သည့် တာ၀န်အဆင့်ဆင့်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါသည်။

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် အနုပညာကို ချစ်မြတ်နိုးသူလည်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသား ဘဝတွင် ဘေ့စ်ဂီတာကို တီးခတ်ခဲ့သူဖြစ်သည်ဟု တက္ကသိုလ်တက်ဖက် သူငယ်ချင်းမိတ်ဆွေများက ပြောဆိုကြ သည်။ ထို့အပြင် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို ချစ်ခင်သူများက ဒုဗိုလ်ချုပ်ကြီးဂွတိုဟုလည်း ချစ်စနိုး ခေါ်ဝေါ်ကြသည်။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် KIA စစ်ဦးစီးချုပ် တာဝန်အပြင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသမှုး အဖြစ်လည်း တာဝန်ယူခဲ့ပြီး မြောက်ပိုင်းတိုင်းဒေသ ဖြစ်သည့် စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဦးဆောင်နေသူလည်း ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်သွားချိန်တွင် ကချင်လူထုအပါအဝင် တော်လှန်ရေး ရဲဘော်ရဲဘက်များအားလုံး ထိတ်လန့်သွားခဲ့ကြသည်။ စစ်ဦးစီးချုပ်၏ ရွေးချယ်မှုကို လေးစားအတုယူမှုဖြင့် ၎င်း၏ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်နှင့် သိကျွမ်းသူတို့က စစ်ဦးစီးချုပ်အပေါ် မှတ်ချက်ပြု ပြောကြားချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီးဂွန်မော်

“၁၉၆၃ ၊ ဇန္နဝါရီလ (တလထဲမှာ) ကျနော်တို့နှစ်ယောက် လူ့လောကထဲ ရောက်လာခဲ့ကြတယ်။ ၂၀၂၄ ၊ မေလ ၁၃ ရက် ညနေအထိ ကျရာတာဝန်တွေမှာ အုပ်တချပ်သဲတပွင့် ဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ “ငါတို့ ၂ ယောက် ပေါင်းရင် KIO အတွက် တရှဉ်းဖြစ်တယ်” လို့ သူ မကြာခဏပြောပါတယ်။ ခုတော့ (သူ) ကောင်းကင်ခရီးသို့ ထွက်ခွာသွားပါပြီ။ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေကို ပွေ့ပိုက်ပြီး အဖဘုရားသခင်ရဲ့ ရင်ခွင်မှာ အေးငြိမ်းစွာ နားခိုပါ သူငယ်ချင်း။”

Photo – Gunmmaw Sumlut’s Facebook

ဒု-ဗိုလ်ချုပ်ကြီး R ခေါင်လွမ်း၏ မိသားစုဝင်တစ်ဦး

“မောင်နှမအားလုံးထဲမှာ အမေရဲ့အချစ်ဆုံးအသဲတုံး ဖြစ်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် သူတာဝန် ထမ်းဆောင်ခဲ့တဲ့ တလျှောက်လုံး သူ့နာမည်နဲ့အကျိုးအမြတ်ရစေမဲ့ ဘယ်အရာမျိုးမှ မိသားစုဝင်တွေကို လုပ်ခွင့်မပြုဘူး။ ကိုယ်ကျိုးအတွက် လုံး၀မကြည့်တဲ့သူတစ်ယောက်ဖြစ်တယ်။ မိသားစုဝင်တွေကိုလည်း သူ့ကြောင့် ဘာအကျိုးအမြတ်မှရဖို့ မမျှော်လင့်ဖို့ အမြဲပြောလေ့ရှိတယ်။ သူ့အကြောင်းဘယ်သူမှ မသိအောင် (low profile) နဲ့ပဲ သူအမြဲနေတယ်။ ဒီချိန်ထိ သူဟာ KIA ဗိုလ်ချုပ်ကြီးတစ်ယောက်ဆိုပြီး သူ့ရဲ့ ခြံဝင်း၊ အိမ်ရာဆိုပြီး ဝယ်ထားတာလည်း မရှိဘူး။ တည်ထားတာလည်း မရှိဘူး။ ဟိုအရင်ကတည်းက သူ့အဖိုး လော့ခေါင်ဒူဝါရဲ့ အိမ်အသေးလေးရှိတယ်။ အဲမှာပဲ နေတယ်။ အမျိုးအသိုင်းအဝိုင်းအားလုံးကိုလည်း သူ့ကြောင့် ဂုဏ်ယူနေတာမျိုး လုံး၀မလုပ်စေချင်ဘူး။ သူ့ရဲ့အနောက်မှာ ကျနော်တို့မိသားစုဝင်တွေက ဆုတောင်းပေးပြီး ဘယ်သူမှမသိအောင် တိုးတိတ်စွာနေပေးတာက သူ့ကို (supporting) ထောက်ပံ့ပေးခြင်းပါပဲ။ ဒါကြောင့် ဒီနေ့ချိန် သူကွယ်လွန်သွားတဲ့အချိန်လည်း ဘယ်လောက်ဝမ်းနည်းရင်လည်း အများမသိအောင်ပဲ တိတ်တိတ်ပုန်း ဝမ်းနည်း ကြရတယ်။”

KIA တပ်မဟာ (၈) တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦး

“အထက်အရာရှိနဲ့ တပ်သားဆိုပြီး ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံတာမျိုး မရှိဘူး။ စစ်အတွေ့အကြုံ၊ မြေပြင် အတွေ့အကြုံ ပြည့်၀တဲ့ ဗိုလ်ချုပ်ဖြစ်တယ်။ ဆိုတော့ အခုသူ့အောက်က သူ့ခြေရာမီတဲ့သူ ရှိပါ့မလားပေါ့။ ဒီအချိန်မှာ သူကွယ်လွန်သွားတာကတော့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ အခုဆိုရင် တပ်မဟာ ၈ မှာ သူကိုယ်တိုင် တာဝန်ယူကွင်းဆင်းပြီး လုပ်ငန်းဝင်နေတာ ဖြစ်တယ်။ တချို့ ဗိုလ်ချုပ်ကြီးတွေကတော့ ရာထူကြီးပေမဲ့ ရှေ့တန်း စစ်မြေပြင် အတွေ့အကြုံမရှိတာ များတယ်လေ။ သူက ပြည့်စုံတဲ့သူ ဖြစ်တယ်လို့ မြင်တယ်။ သူ့ကျန်းမာရေး ကြောင့် အခုလိုတာဝန်ကြီး ထမ်းဆောင်နေချိန်၊ တိုင်းပြည်ယူဖို့ ကြိုးစားနေချိန် ကွယ်လွန်သွားတာကတော့ ဝမ်းနည်းဖွယ်ပဲ။ ဒါပေမဲ့ ပိုကောင်းတဲ့ခေါင်းဆောင် ပေါ်လာမယ်လို့ပဲ မျှော်လင့်ရပါတယ်။ ကျန်တဲ့ လုပ်ငန်းတွေ ကိုလည်း ပိုကောင်းမွန်ပိုအောင်မြင်အောင် လုပ်ဆောင်သွားဖို့ပဲ ခွန်အားယူချင်ပါတယ်။”

မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦး

“တပ်မဟာ (၈) ကို သူထိန်းသွားတာကိုကြည့်ရင် လုံး၀ကောင်းတာကို တွေ့ရှိခဲ့ရတယ်။ မနှစ်ကတည်းက သူ စစ်ဦးစီးချူပ်ရာထူး ထိုးတက်သွားတာကို ကြားသိရပြီး အရမ်းဝမ်းသာတယ်။ ဒီတိုက်ပွဲခရီးစဉ်ကို သူဦးဆောင်မှာကို ဝမ်းသာခဲ့တယ်။ တကယ်လည်း လက်ရှိမှာ အောင်မြင်မှုတွေ ရရှိတယ်။ ၂ ယောက်မရှိတဲ့သူမျိုးတော့ ဟုတ်တယ်။ ဒါပေမဲ့ သူကွယ်လွန်သွားတာကြောင့် တော်လှန်ရေးမှာ ထိပါးရိုက်ခတ်လာတာမျိုးတော့ ရှိမှာမဟုတ်ဘူးလို့ မျှော်လင့်တယ်။ သူ့လိုကောင်းမွန်တဲ့ ခေါင်းဆောင်တွေ ပြန်ပေါ်ထွက်လာမှာကို မျှော်လင့်တယ်။ ဒါကြောင့် ဝမ်းနည်းစရာ ရှိပေမဲ့ လုပ်စရာရှိတဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်ပြီး လုပ်ဆောင်ကြမှာပဲ။ သူ့အကြောင်း ပြောပြရရင်တော့ သူဟာမာန်မာန ဂုဏ်ရှိန်နဲ့ လုံး၀မနေတဲ့သူဖြစ်တယ်။”

ပုံစာ – ရှေ့တန်းတနေရာတွင်တွေ့ရသည့် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း (Photo – Social Media)

ကချင်အမျိုးသမီးတစ်ဦး

“ သူ့က Pure Man လို့ တင်မြောက်ချင်တယ်။ သူစိတ်ဓာတ်က အတုယူဖွယ်ကောင်းတယ်။ သူ့ရဲ့လုပ်ဆောင်မှု တွေ ဦးဆောင်မှုတွေက သမာသမတ်ရှိတယ်။ Smart ကြတယ်။ သူ့ရဲ့အောက်ခြေက တပ်သားတွေကိုလည်း အပြစ်ပေးသင့်တဲ့သူကို သူ့အပြစ်နဲ့ ထိုက်တန်တဲ့အပြစ် ပေးတယ်။ ဂုဏ်ပြုသင့်တဲ့သူကိုလည်း ကောင်းမွန်စွာ ဂုဏ်ပြုတယ်။ သူ ကျန်းမာရေး မကောင်းတော့ဘူးဆိုတာကို သိရဲ့သားနဲ့ သူ့ကျန်းမာရေးကို ဦးစားမပေးပဲ တိုင်းပြည်နဲ့ လူမျိုးလွတ်မြောက်ရမယ်ဆိုတာကိုပဲ အဓိကဦးစားပေးပြီး ရွေးချယ်သွားတယ်။ ကျန်းမာရေး မရှိရင်တောင် သူကြိုးစားတယ်။ ကျမတို့ လူမျိုးတွေကို လွတ်မြောက်အောင် ကြိုးစားချင်တဲ့ စိတ်ဓါတ် အပြည့်ရှိတယ်။”

NUG သယံဇာတဝန်ကြီး ဒေါက်တာခလဲန်တူးခေါင်

“NUG မှာ စစ်ဒေသ (၁) ဆိုတာ အထက်ပိုင်းအားလုံး KIA နဲ့ လက်တွဲပြီး လုပ်ငန်းလုပ် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ NUG မှာ စစ်ဒေသ (၁) စဖွင့်ခါစက စစ်မြေပြင်အတွေ့အကြုံ ရှိတဲ့သူ မရှိဘူး။ စစ်သင်တန်းကတော့ KIA ကနေ ဆင်းပြီး လက်နက်ကိုင်နေကြသူတွေတော့ ဟုတ်တယ်။ NUG ကို ပထမဆုံး လက်နက်တပ်ဆင်ပေးပြီး စစ်ကိုင်းဘက် လုပ်ငန်းပေးတဲ့အခါ ကဲ…..ဘယ်သူဦးဆောင်မလဲဆိုပြီး လိုအပ်လာတဲ့အခါ တိုက်ပွဲမှာ ဦးဆောင် ဖို့တော့ KIA ကနေ တပ်ရင်းမှူးအဆင့်နဲ့ အထက်ပိုင်းလူတွေကို KIA ထဲက ခန့်ထားပေးပြီး ဒီစစ်ဒေသ (၁) မှူးကို တော့ ဒုဗိုလ်ချူပ်ကြီးဂွကို ဌာနချူပ်က တာဝန်ပေးထားတာဟုတ်တယ်။ သူ VCS အဆင့်ကနေ စစ်ဒေသမှူး ဖြစ်တယ်။ နောက်ပိုင်းတော့ CS အဆင့် ရာထူးတက်ပြီး သူ့အနေနဲ့ ပိုလွတ်လွတ်လပ်လပ် လုပ်ဆောင်လာနိုင် တာပေါ့။ ပထမဆုံး တိုက်ပွဲတွေ ဦးဆာင်ဖော်ဆောင်ကတည်းက တပ်မဟာ (၈) ဘက် သူကိုယ်တိုင်မြေပြင်ဆင်း တိုက်ပွဲဝင်ပြီး စစ်ကိုင်းဘက်ထိ အကြာပြီး နေခဲ့ဖူးပြီ။ အစကတော့ Local PDF ပဲ များတယ်လေ။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here