“စစ်ရေးအရှိန်က ကျွန်တော်တို့ ပြည်နယ်ကို ရောက်လာမှာပဲ။ မွန်ပြည်သူ၊ ပြည်သားတွေ ဘယ်လောက်ပဲ ငြိမ်းချမ်း ငြိမ်းချမ်း၊ ကျွန်တော်တို့ ပြည်နယ်ကို ကာကွယ်ဖို့ မပြင်ဆင်ထားဘူးဆိုရင် စစ်မီးက ပိုအရှိန်ပြင်းမယ်။ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ကတော့ မွန်ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အထိအခိုက်အကျဆုံး အနည်းဆုံးဖြစ်အောင် ကြိုတင်ပြီးကာကွယ်တဲ့ သဘောပဲ” ဒေါက်တာသီရိမွန်ချမ်း (ဥက္ကဌ၊ MSDF)

0
329

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ အမေးအဖြေ

မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ရရာလက်နက်စွဲ ကိုင်တော်လှန်ဖို့အတွက် မွန်လူမျိုးကိုကိုယ်စားပြု ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး တပ်သားစုဆောင်းဖို့နဲ့ စစ်ရေးသင်တန်းပေးဖို့ MSDF – မြောက်ပိုင်းနဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ MSDF – တောင်ပိုင်းဆိုပြီး ပိုင်းခြားထားတာ ဖြစ်ပါတယ်။

ဒါကြောင့် MSDFရဲ့ လတ်တလောစစ်ရေး လှုပ်ရှားဆောင်ရွက်မှုတွေ၊ မွန်ညီညွတ်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီရဲ့ ဆောင်ရွက်မှုအပေါ် သဘောထားနဲ့ နွေဦးတော်လှန်ရေးမှာ မွန်လူငယ်တွေ ဘာကြောင့်ပါဝင်သင့်လဲ စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။အရင်ဆုံး မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။MSDF မှာ ဖွဲ့စည်းထားတာက မြောက်ပိုင်းစစ်ဒေသနဲ့ တောင်ပိုင်းစစ်ဒေသရယ်လို့ ဖွဲ့ထားတာ ရှိတယ်။မြောက် ပိုင်း စစ်ဒေသမှာကျတော့ သင်တန်းပေးတာနဲ့ အခြားအခြေခံလုပ်ငန်းစဉ်တွေလုပ်ဖို့၊ တောင်ပိုင်းမှာကျတော့ စစ်ဆင်ရေးလှုပ်ရှားမှုပေါ့။ ဒါပေမယ့် အရင်တုန်းက တောင်ပိုင်းမှာကျတော့ စစ်ရေးလှုပ်ရှားမှု မရှိသေးဘူး။ အခုလောလောဆယ်တော့ အခြားမွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ လှုပ်ရှားနေတဲ့ မွန်ပြည်ကာကွယ်ရေး တပ်မဟုတ်တဲ့ အခြားတပ်ဖွဲ့တွေက ကျွန်တော်တို့နဲ့ လာပူးပေါင်းတယ်။ နောက်နောင် မကြာတဲ့အချိန်မှာ တိုက်ပွဲဖော်ဆောင်မှုတို့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတို့ အတော်အသင့်လုပ်နိုင်လိမ့်မယ့်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့်၊ တခြားPDF တို့၊ ဒေသခံ PDF တို့နဲ့ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုကို ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။

မေး။ ။မွန်ပြည်ကာကွယ်ရေးတပ် (MSDF) လှုပ်ရှားတဲ့ ရေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ရေးအခြေအနေ ဘယ်လိုတွေ ရှိနေလဲ။

ဖြေ။ ။မြောက်ပိုင်းမှာ ကျွန်တော်တို့တပ်ရဲ့ တိုက်ပွဲဖော်ဆောင်မှုတို့ စစ်ရေးလှုပ်ရှားမှုတို့ မရှိသေးဘူး။မြောက်ပိုင်းမှာက မဟာမိတ်နယ်မြေမှာ ကျွန်တော်တို့ အခြေချနေရတယ်။ ဒါပေမယ့် တောင်ပိုင်းမှာကျတော့ လွန်ခဲ့တဲ့နှစ်တုန်း ကလည်း အခြေအနေပေးရင် ပေးသလောက် စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာခဲ့တယ်။ ဒါပေမယ့်ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုတို့၊ တိုက်ပွဲဖော်ဆောင်မှုတို့ မရှိသေးဘူး။ နောက်နောင်မကြာခင်ကာလမှာ ကြီးမားတဲ့တိုက် ပွဲဖော်ဆောင်မှုတို့၊ မွန်ကာကွယ်ရေးတပ်တစ်ခုတည်းနဲ့ လှုပ်ရှားမှုအပြင်အခြား မဟာမိတ်အဖွဲ့အစည်းတွေရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်သွားဖို့ ကျွန်တော် တို့ စစ်ရေး PLAN ချထားတာ ရှိပါတယ်။

မေး။ ။စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပတ်သက်ပြီး ဘာတွေ မှတ်ချက်ပြုလိုတာရှိမလဲ။

ဖြေ။ ။အခုတော်လှန်ရေးအဖွဲ့အစည်းမှာရော၊ နိုင်ငံရေးအဖွဲ့အစည်းမှာရော၊ အခုအားနည်းချက်က တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်အားနည်းမှုပေါ့။ အမှန်က စစ်ကောင်စီနဲ့ တိုက်ခိုက်တဲ့နေရာမှာကျတော့ ကျစ်လစ်ခိုင် မာတဲ့ တပ်ပေါင်းစုအသွင် လှုပ်ရှားဖို့လိုတယ်။ အဲဒီလှုပ်ရှားတဲ့ နေရာမှာကျတော့ စစ်ရေးဆိုင်ရာမဟာမိတ် အပြင် အခြားနိုင်ငံရေးအဖွဲ့အစည်းတို့၊ မြေအောက်နိုင်ငံရေး အဖွဲ့အစည်း၊ မြို့ပေါ်လှုပ်ရှားနေတဲ့ ဒီမိုကရေစီ ဘက်တော်သားတို့၊ အားလုံးအချိတ်အဆက်ရှိရှိနဲ့ နိုင်ငံရေးလှုပ်ရှားမှုရယ်၊ စစ်ရေးလှုပ်ရှားမှုရယ်၊ တစ်ပုံစံတည်း လုပ်နိုင်မှသာ စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ ပိုပြီးထိရောက်မှာပေါ့။ ကျွန်တော်တို့ အလေးထားတာက စစ်ရေးမဟာမိတ်အပြင် အခြားနိုင်ငံရေးဆိုင်ရာ မဟာမိတ်နိုင်ငံရေးအားသာချက်ရအောင် အားလုံးစုစုစည်းစည်း ကျစ်ကျစ်လစ်လစ်နဲ့ အားလုံးတွဲလုပ်သွားဖို့ လိုတယ်။

မေး။ ။နောက်တစ်ခုက မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက စစ်ကောင်စီထံ မှတ်ပုံပြန်တင်တဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ဒါကတော့ မွန်ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်ပြောတာပါ။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ဟာပေါ့။ စစ်ကောင် စီရဲ့ ရည်ရွယ်ချက်၊ သူ့ရဲ့ ရွေးကောက်ပွဲ မျှော်မှန်းချက်က ဘာလဲဆိုတာ တိုင်းရင်းသားပြည်သူတွေ သိကြတာ ပဲ။ သူကသက်ရှည်နေလို့ရအောင် ရွေးကောက်ပွဲ လုပ်မယ်လို့ ကတိပေးထားတာပဲ။ ဘယ်နေ့ဘယ်အချိန် ဘယ်နှစ်မှာ ရွေးကောက်ပွဲဖြစ်မှာလဲ မသိသေးဘူး။ ၂၀၂၃နှစ်စမှာ လုပ်မယ်ပြောထားတယ်။ အခုပြန်ပြီးအကန့် အသတ်မရှိ ရွေ့ပြောင်းလိုက်တာပေါ့။ ရွေးကောက်ပွဲနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့အခွင့်အ ရေးတွေ ရမှာမဟုတ်ပါဘူး။ တခြားပါတီကြီးတွေ ရှမ်းက SNLD မှတ်ပုံမတင်ဘူး။ ရွေးကောက်ပွဲလည်း မဝင် ဘူး။ မွန်ညီညွတ်ရေးပါတီကိုလည်း ကျွန်တော်ပြောချင်တာက နိုင်ငံရေးပါတီဆိုတာက မှတ်ပုံမတင်ပဲ ရပ် တည်လို့ရတာပဲ။ ပြည်သူတွေ လက်ခံရင် SNLD ဆိုလည်း ဒီအတိုင်းပဲ။ နိုင်ငံရေးလုပ်တာက ပါတီမှတ်ပုံတင်မှ လုပ်လို့ရတာ မဟုတ်ဘူး။ အခုမှတ်ပုံတင်တာက အပေးနဲ့အယူပေါ့။ ပေးရတာထက် ရယူရခြင်းက ပိုပြီး များ သွားတဲ့ သဘောပေါ့။

မေး။ ။အခုဆိုရင် မွန်လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီကလည်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ လုပ်ဆောင်နေတာပေါ့လေ။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။အဲဒါကလည်း နိုင်ငံရေးသုံးသပ်တဲ့သူ အားလုံးနားလည်ကြပါတယ်။ စစ်ကောင်စီက လုပ်မယ့် ငြိမ်းချမ်းရေး ကျတော့ တကယ့်အစစ်အမှန် နိုင်ငံရေးမဟုတ်ဘူး။ အခု PPST နဲ့ မွန်ပြည်သစ်လောက်ပဲ အပစ်ခတ်ရပ်စဲပြီးတော့ နိုင်ငံရေးလုပ်မယ်ဆို ဗမာပြည်မှာ အခြားကချင်တို့၊ ကရင်တို့၊ ကရင်နီတို့မှာ အခြားလက်နက်ကိုင်အဖွဲ့ အစည်းတွေ အများကြီးရှိသေးတယ်။ ဒါကျတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်ဘူး။ စစ်မှန်တဲ့ အနေအထားမှာလည်း မရှိပါဘူး။ ဒါက စစ်အစိုးရရဲ့ ခွဲခြားပြီး အုပ်ချုပ်တဲ့သဘောပါ၊ ဒီလိုမျိုး လုပ်ခဲ့တာ အများကြီးပဲ။ ၈၈ နောက်ပိုင်းမှာ ဒီမိုကရေစီအင်အားစုတွေကို ချေမှုန်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အထူးသဖြင့် KIOနဲ့ အခုလိုပဲ ငြိမ်းချမ်းရေး လုပ်လာခဲ့တယ်။ နောက် KNU ကို ပိုပြီး တိုက်တယ်။ အခုလည်း PPST ကျတော့ စစ်အစိုးရနဲ့ တိုက်နေတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ဗမာပြည်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆို NUG ကအစ စစ်ကိုင်း၊ မကွေးက PDF တွေနဲ့အစ အားလုံးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရနိုင်မှာ။ မွန်ပြည်သစ်ပါတီတစ်ခုတည်းပဲဖြစ်ဖြစ် PPST နဲ့ပဲဖြစ်ဖြစ် စစ်ကောင်စီနဲ့လုပ်မယ့် ငြိမ်းချမ်းရေးညီလာခံက မျှော်လင့်ထားတဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်လည်း မရနိုင်ပါဘူး။

မေး။ ။နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာတွေများ အကြံပြုတိုက်တွန်းလိုတာ ရှိမလဲ။

ဖြေ။ ။အခု နွေဦးတော်လှန်ရေးသက်တမ်းက ၂နှစ်ကျော်သွားပြီ။ အဓိက ကျွန်တော်အလေးပြုနေတာက အားလုံးကျစ် လစ်ခိုင်မာတဲ့ ပုံစံမျိုး။ အခု NUG ဖွဲ့ထားတာ ရှိတယ်။ PDF တွေ၊ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ ရှိ တယ်။ ဒါပေမယ့် ကျစ်လစ်ခိုင်မာတဲ့ တပ်ပေါင်းစုအသွင်မဖြစ်သေးဘူး။ ဒါကြောင့် ဖြစ်နေတာက NUG ရော ကချင်၊ ဝ၊ ရခိုင်လိုမျိုး အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းလိုမျိုး ကျစ်လစ်ခိုင်မာတဲ့ တပ်ပေါင်းစုလို မျိုး ကြိုးစားဖို့သင့်တယ်။ NUG ရဲ့ လက်အောက်မှာ မဖြစ်သေးတဲ့ အခြားဒေသခံ ကာကွယ်ရေးတပ်တို့ အဲဒီလို တစ်ခုတည်းဖြစ်မှသာ ကျွန်တော်တို့ဗမာပြည်တော်လှန်ရေးသမိုင်းမှာ နှစ်၇၀ကျော် သက်ဆိုးရှည် လာခဲ့ရတဲ့ အကြောင်းကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကျစ်လစ်ခိုင်မာတဲ့ စစ်ရေးမဟာမိတ်၊ နိုင်ငံရေးမဟာမိတ် မရှိခဲ့လို့ စစ်အစိုးရက ခွဲခြားအုပ်ချုပ်တဲ့ ဗျူဟာနဲ့အုပ်ချုပ်လာနိုင်ခဲ့တယ်။ အားလုံး NUG ကအစ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံး တစ်ခုတည်းဖြစ်အောင် အလေးထားပြီး အကောင်ဆုံး ဖော်ဆောင်နိုင်မှသာ ကျွန်တော်တို့ လိုလားတဲ့ အောင်မြင်မှုပန်းတိုင်ကို လှမ်းနိုင်မှာ။

မေး။ ။အမျိုးသားညီညွတ်ရေးအစိုးရ NUG အပေါ် ဘာတွေ မှတ်ချက်ပြုလိုပါသလဲ။

ဖြေ။ ။NUG ကို တစ်တိုင်းပြည်လုံးနီးပါး အသိအမှတ်ပြုထားတာပေါ့။ လက်ခံထားတာပေါ့။ ဒါပေမယ့် အခြား တိုင်းရင်းသားလက်နက် ကိုင်နဲ့ EAO တွေကို စုစည်းနိုင်ဖို့ သူ့ရဲ့ ရှေ့လာမယ့် တိုင်းရင်းသားအခွင့်အရေး တွေအတွက် အခုကတည်းက ရှင်းရှင်းလင်းလင်း ပြောထားဖို့လိုတယ်။ မပီမပြင်တဲ့အခါ တိုင်းရင်းသားတွေ မျှော်မှန်းထားတဲ့ ဖက်ဒရယ်နိုင်ငံဘယ်လို ထူထောင်မလဲ။ နောက်ပြီးတော့ တိုင်းရင်းသားအခွင့်အရေးတွေပေါ် ဘယ်လို ရပ်တည်နိုင်မလဲ။ ရှင်းရှင်းလင်းလင်း ချထားသင့်တယ်။ တိုင်းရင်းသားတွေ စည်းရုံးတဲ့နေရာမှာ သူ့ရဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ ဖက်ဒရယ်ဆိုင်ရာမူဝါဒတွေ ရှင်းရှင်းလင်းလင်း လုပ်ထားဖို့လိုတယ်။ အခြား မဟာမိတ်အဖွဲ့အစည်း၊ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း အုပ်ချုပ်မှုပုံစံတို့ကအစ အများကြီး ပြင်ဖို့ လိုသေးတယ်လို့ ကျွန်တော်မြင်တယ်။

မေး။ ။နောက်ဆုံးအနေနဲ့ မွန်ပြည်သူတွေ တော်လှန်ရေးမှာ ဘာကြောင့်ပါဝင်ဖို့ လိုအပ်ပါသလဲ။ သူတို့ပါဝင်လာဖို့ ဘာတွေလုပ်ဆောင်ဖို့ ရှိမလဲ။ ဘာတွေတိုက်တွန်းချင်တာ ရှိမလဲ။

ဖြေ။ ။ကျွန်တော်တို့ မွန်ပြည်လူထုမှာ အာဏာသိမ်းပြီးစတည်းက အမြင်တစ်ခုရှိတယ်။ အခုအာဏာသိမ်းတဲ့ကိစ္စရော ဖြစ်ပျက်နေတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကျတော့ စစ်ကောင်စီနဲ့ NLDနဲ့ အကြား စစ်ကောင်စီနဲ့ ဗမာအကြား ဖြစ်နေတဲ့ကိစ္စရယ်လို့ တစ်ချို့တွေ မှိုင်းတိုက်ပြီးတော့ အဲဒီလိုသဘောထား ခံယူချက်တွေ ရှိခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာကျတော့ ပြန်ပြီးနားလည်လာတယ်။ ကျွန်တော်တို့ မွန်ပြည်သူ၊ ပြည်သားတွေကျတော့ ငြိမ်းချမ်း မှုကို လိုလားကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြတယ်။ ကိုယ့်ပြည်နယ်မှာ စစ်မီးမလောင်သေးဘူး။ အဲဒီလို စစ်မီးမလောင်တော့ မလှုပ်ရှားဘူး။ စစ်ကောင်စီနဲ့ သင့်တင့်လျောက်ပတ် စွာနေတဲ့ သဘောပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ အမြင်မှာကျတော့ တစ်နိုင်ငံလုံးက စစ်မီးဖြစ်နေတယ်။ စစ်မီးလောင်တာက တောမီးလောင်သလို ပဲ။ ကိုယ်ဘက်ကို ကူးလာနိုင်တာပဲ။ ကျွန်တော်တို့ ပေါ်လစီအရ မရောက်ခင် ကြိုတင်ပြီး ပြင်ဆင်ထားဖို့ လို တယ်။ စစ်ရေးအရှိန်က ကျွန်တော်တို့ ပြည်နယ်ကို ရောက်လာမှာပဲ။ မွန်ပြည်သူ၊ ပြည်သားတွေ ဘယ်လောက်ပဲ ငြိမ်းချမ်း ငြိမ်းချမ်း၊ ကျွန်တော်တို့ ပြည်နယ်ကို ကာကွယ်ဖို့ မပြင်ဆင်ထားဘူးဆိုရင် စစ်မီးက ပိုအရှိန်ပြင်းမယ်။ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ကတော့ မွန်ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အထိအခိုက်အကျဆုံး အနည်းဆုံးဖြစ်အောင် ကြိုတင်ပြီးကာကွယ်တဲ့ သဘောပဲ။ ရှေ့ကြိုတင်ပြီး လုပ်တာပါ။ အဲဒီလိုမျိုး လုပ်မှသာ ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရမှာပါ။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here