4 June 2026 /

See today's Peace Related News

Homeအင်တာဗျူး“နယ်မြေတွင်းမှာတော့ အကြမ်းဖက်စစ်တပ်က တာဝေးလက်နက်ကြီးအင်အား သာလွန်အသုံးပြုတဲ့အတွက်ကြောင့်၊ လေယာဉ်တိုက်ခိုက်မှုတွေ လုပ်နေတာတွေကြောင့် ကျွန်မတို့ မစွမ်းသာသေပါဘူး။ ကျန်တဲ့အချိန်ကတော့ စစ်ကောင်တပ်သားတွေ အေးဆေးနေနိုင်တဲ့အချိန်တွေ ရှားနေတာကိုတော့...

“နယ်မြေတွင်းမှာတော့ အကြမ်းဖက်စစ်တပ်က တာဝေးလက်နက်ကြီးအင်အား သာလွန်အသုံးပြုတဲ့အတွက်ကြောင့်၊ လေယာဉ်တိုက်ခိုက်မှုတွေ လုပ်နေတာတွေကြောင့် ကျွန်မတို့ မစွမ်းသာသေပါဘူး။ ကျန်တဲ့အချိန်ကတော့ စစ်ကောင်တပ်သားတွေ အေးဆေးနေနိုင်တဲ့အချိန်တွေ ရှားနေတာကိုတော့ သိသိသာသာပါပဲ” အမရာ (ဆက်သွယ်ရေးတာဝန်ခံ၊ M2W)

မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း M2W ဆက်သွယ်ရေးတာဝန်ခံ မအမရာနှင့် အမေးအဖြေ

၃၁ အောက်တိုဘာ ၂၀၂၂

စစ်အာဏာရှင် ကျဆုံးရေးနှင့် ကျား/မတန်းတူရေးအတွက် နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေသည့် တစ်ဖွဲ့ထဲသော အမျိုးသမီးလက်နက်ကိုင်တပ်ရင်းဖြစ်သည့် ‌မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း M2W တည်ထောင်လာခဲ့သည်မှာ ‌အောက်တိုဘာလ ၂၆ ရက်နေ့တွင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

အဆိုပါကာလအတွင်း M2W ၏ အောင်မြင်မှုင်မြင်မှု တိုးတက်မှုနှင့် အခက်အခဲများကို သိရှိနိုင်ရန် အဖွဲ့၏ မီဒီယာဆက်သွယ်ရေးတာဝန်ခံ မအမရာနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ တစ်နှစ်တာကာလမှာ M2W ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ထိ အောင်မြင်ခဲ့ပြီလည်း။

ဖြေ။တစ်နှစ်တာအတွင်းမှာ M2W က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ပြီး လက်လုပ်မိုင်းထုတ်လုပ်ရေးခဲ့တယ်။ မြောင်နှင့်အတူ ဒေသတွင်းမဟာမိတ်အဖွဲ့အစည်းများနှင့်အတူ /သူတို့အတွက် မိုင်းပံ့ပိုးမှုများလုပ်ဆောင်နိုင်ခဲ့တယ်။ နယ်မြေတွင်း မိုင်းခွဲရင် ကျွန်မတို့ထုတ်လုပ်ခဲ့တဲ မိုင်းတွေများပါတယ်။ အဲ့တာအတွက် ကိုယ်တွေ ကောက်စိုက်ပျိုးနှုတ်တဲ့လက်တွေက ဒါမျိုးလုပ်ဆောင်ပြီး မအိုးလေစစ်တပ်ကို တိုက်ထုတ်နေမှုကို အားရကျေနပ်ပါတယ်။ ဒီထက် ကျွန်မတို့ ဒါ့ထက် ၃ ဆ အလုပ်ပိုလုပ်နိုင်ပါသေးတယ်။

မေး။ မြောင်ဒေသမှာ M2W အပါအဝင် PDF, LPDF တွေအနေနဲ့ နယ်မြေစိုးမိုးမှု ရာနူန်းဘယ်လောက်ရှိပြီလဲ။

ဖြေ။ နယ်မြေက စိုးမိုးမှုရှိလားဆိုတာထက် ကျွန်မတို့ ဘယ်လို အလုပ်လုပ်နေလဲ ၊ လက်ရှိ စစ်ရေးသုံးသပ်ချက်တွေက ဖော်ပြပါလိမ့်မယ်။. နယ်မြေတွင်းမှာတော့ အကြမ်းဖက်စစ်တပ်က တာဝေးလက်နက်ကြီးအင်အားသာလွန်အသုံးပြုတဲ့အတွက်ကြောင့် လေယာဉ်တိုက်ခိုက်မှုတွေ လုပ်နေတာတွေ ကြောင့် ကျွန်မတို့ မစွမ်းသာသေပါဘူး။ ကျန်တဲ့အချိန်ကတော့ စစ်ကောင်တပ်သားတွေ အေးဆေးနေနိုင်တဲ့အချိန်တွေ ရှားနေတာကိုတော့ သိသိသာသာပါပဲ။

မေး။ M2W နဲ့ ကျန်အဖွဲတွေကြားမှာရော နယ်မြေခွဲဝေအုပ်ချုပ်တာလား။ ဘယ်လိုသတ်မှတ်ထားကြပါသလဲ။

ဖြေ။ မြောင်နယ်မှာ နွေဦးတော်လှန်ရေးထဲမှာ အစကတည်းက မြို့နယ်အတွက် ဦးဆောင်လုပ်ဆောင်နေကြတဲ့သူတွေ၊ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ခေါင်းဆောင်တွေ တစ်ယောက်မှ တာဝန်ပေးထားတာ မတွေ့ရသေးပါဘူး။ သူတို့သာ ဦးဆောင်မယ်ဆိုရင် ပိုကောင်းတဲ့ရလဒ်တွေ ပြောင်းလဲမယ်လို့တော့ ပြည်သူတွေက ယုံကြည်ကြတယ်။ အခုက သူတို့ယုံကြည်အားကိုးရတဲ့သူတွေ မပါနေဘူး။

မေး။ M2W အနေနဲ့ NUG ရဲ့ အထောက်အပံ့တွေရော ပုံမှန်ရနေပြီလား။

ဖြေ။ M2W အနေနဲ့ မိုင်းထုတ်လုပ်ရေးစရိတ်အနေနဲ့ အဖွဲ့စတင်ပြီး ပထမ (၁) ကြိမ်နဲ့ တစ်နှစ်ပြည့်ခါနီး လပိုင်းအလိုက တစ်ကြိမ်။ စုပေါင်း (၂) ကြိမ် ရထားပါပြီ။

မေး။ မောင်းပြန်သေနတ်တွေမရသေးဘူးလို့ သိရတယ်။ ဘယ်အရာတွေက အခက်အခဲဖြစ်နေတာပါလဲ။

ဖြေ။ ပြည်သူတွေကူကြတဲ့ ထောက်ပံ့ပေးမှုနဲ့ မောင်းပြန် (၂) လက်ရပြီးပြီ။ နောက်ထပ် ရိုင်ဖယ် (၇) လက်လည်း ရထားပါပြီ။ လက်နက်အင်အားက ဒါပါပဲ။

မေး။ NUG က ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်ဖြစ်လာမယ့်နှစ်လို ပြောထားတာရှိပါတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လိုသဘောရပါသလဲ။

ဖြေ။ NUG ပြောတာပဲ မြေပြင်ကတော့ အဲ့အထိ အသက်ရှင်ဖို့ ကြိုးစားရုန်ကန်ရမှာ အသေအချာပဲ အခုက မျက်မြင်ပဲလေ။

မေး။ ဖြည့်စွတ်ပြောချင်တာများရှိရင်ပြောကြားပေးပါ။

ဖြေ။ ကျွန်မတို့က ဝန်ထမ်းနေတဲ့ ဝန်ထမ်းတွေမဟုတ်ပေမယ့် ပြည်သူ့ဆင်းရဲဒုက္ခကို ကူညီနေတဲ့ ပြည်သူ့စစ်သည်တွေ ဖြစ်ကြပါတယ်။ တော်လှန်ရေးလုပ်ဆောင်လာတာ ၂ နှစ်နီးပါးရှိပြီမို့ အားလုံးသေချာ Evaluate လုပ်သင့်တယ်လို့ ထင်ပါတယ်။ မြေပြင်က တော်လှန်ရေးအင်အားစုတွေ (ထင်းစည်းကြီးလို မဟုတ်နေတာ)၊ ပြည်သူတွေ (နေစရာအိမ်ပါမကျန်မီးရှို့ခံရတာတွေ၊ ချိတ်ပိတ်ခံနေရတာတွေ)၊ နေ့နေ့ညည လက်နက်ကြီးနဲ့ပစ်လိုက်၊ စစ်ကြောင်းရွှေ့လိုက်လုပ်နေတာကြောင့် စစ်ရှောင်နေရတာတွေ၊ စစ်ကောင်စီက ငွေကြေးကိစ္စကို အမဲလိုက်သလို လုပ်နေတဲ့ကြားက ပြည်သူ့ကူညီမှုပေးထားတဲ့ ငွေကြေးတွေ စတဲ့စတဲ့ တကယ်တော်လှန်ရေးမှာ အလုပ်လုပ်နေတဲ့၊ တိုက်ရိုက်ခံစားနေကြရတဲ့ ပြည်သူတွေကို စိတ်မပျက်သွားကြဖို့ ကျွန်မတို့ အထူးတောင်းဆိုလိုပါတယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီ ကြိုးစားသွားကြမယ်။ တွန်းလှန်ပုန်ကန်ကြမယ်ဆို မုချအောင်မြင်မှာပါ။ အသက်တွေတော့ တဖြည်းဖြည်း ကြီးသွားကြရမှာပဲလေ။

နောက်ဆုံးပြောချင်တာကတော့ ကျွန်မတို့ ငွေကြေးလိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့ youtube ချန်နယ်လေး ဖွင့်ထားပါတယ်။ ဝင်ပြီး ကြည့်ပေးကြပါ။ အားပေးကြပါဦးလို့ နှိုး‌ဆော်ပါတယ်။ ချန်နယ်အမည်က Doh Ah Nyar ဖြစ်ပါတယ်။

https://www.youtube.com/channel/UCB9P06_KzPipNDJkLh7yO-g

ကျေးဇူးအထူးတင်ပါတယ်။ အရေးတော်ပုံမုချအောင်မြင်ဖို့ဇွဲမလျှော့ဘဲစည်းလုံးစွာချီတက်ကြပါစို့။

ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။