တိုက်ပွဲကြောင့် ဖယ်ခုံမြို့နဲ့ ဖရူဆိုမြို့ထဲက ကျေးရွာလေးခုမှ ဒေသခံများ စစ်ဘေးရှောင်နေရ

0
277

၉ ဩဂုတ် ၂၀၂၁

ယခုရက်ပိုင်းအတွင်း ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ရဲ့ အခြေအနေ တင်းမာပြီး တိုက်ပွဲကြောင့်
ဖယ်ခုံမြို့နယ် – ဖရူဆိုမြို့နယ် နယ်စပ်မှ ဘီသူကျေးရွာအပါအဝင် ဖရူဆိုအနောက်ခြမ်းမှ ကျေးရွာသုံးရွာက စစ်ဘေးရှောင်နေရတယ်လို့ ၎င်းဒေသမှ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ ဖရူဆိုမြို့နယ် နယ်စပ်မှ ရွာလုံးကျွတ် တိမ်းရှောင်နေရတဲ့ ဘီသူကျေးရွာအပါအဝင် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှ ဒိုမိုခို၊ ဘီယာ၊ ခေါဘာ စတဲ့ ကျေးရွာတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ အများအားဖြင့် ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေပေါ့ လသားအရွယ်တွေလည်း ပါတယ် အများကြီး။ အဓိက ကလေးတွေပါတော့ သူတို့အတွက် ကလေးနို့မုန့်တို့၊ ဒိုင်ဘာ တို့ အဓိကလိုအပ်တယ်။ ဒီဖက်က လမ်းပန်းဆက်သွယ်ရေး နည်းနည်းခက်တော့ ကလေးတွေအတွက် အဓိက လိုအပ်တယ်။ စားနပ်ရိက္ခာတို့၊ ကုန်ခြောက်တို့လည်း လိုတယ်။” လို့ ၎င်းဒေသမှ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၁ ရက်နေ့မှ ၉ ရက်နေ့အတွင်း တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ၈ ရက်နေ့ တစ်ရက်တည်းမှာ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အခြေအနေ မငြိမ်သက်မချင်း ပြည်သူတွေက ဘေးလွတ်ရာမှာသာ နေထိုင်ရမှာ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေက အမြဲလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူများ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကော်မတီကနေ ကြိုးစားကူညီပေးနေပေမယ့် လုံလုံလောက်လောက်တော့ မဆောင်ရွက်ပေးနိုင်ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ဆေးဝါးတွေ အထူးလိုအပ်နေသေးတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ကိုဗစ် – ၁၉ ကူးစက်မှုနှုန်းက မြင့်တက်လာတာ ဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေဆီကို ရိက္ခာတွေ အချိန်မရွေး အရောက်ပေးပို့နိုင်ဖို့ အခက်အခဲရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ တတိယလှိုင်းအဖြစ် ကိုဗစ်ကူးစက်မှုနှုန်းလည်း ကျနော်တို့ ပြည်နယ်မှာ ပိုပြီးတော့ မြင့်မားလာတော့ ကိုဗစ်နဲ့ ပတ်သက်တဲ့ စက်ပစ္စည်းကိရိယာတွေပဲ ဖြစ်ဖြစ်၊ ပြီးတော့မှ လူတစ်ယောက်က နေကောင်းကျန်းမာဖို့အတွက် အရေးနဲ့အကြောင်းဖြစ်လာပြီဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေလည်း လိုအပ်တာပေါ့။ ဒီနောက်ပိုင်းမှာက ကုန်စီးဆင်းမှုတွေလည်း အရင်ကထက်စာရင် ပိုပြီးလျော့နည်းလာတာ ရှိသလို ငွေရေး၊ကြေးရေး အခက်အခဲတွေလည်း အများကြီး ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ ဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာတွေ ပုံမှန် အရောက်ပို့နိုင်ဖို့အတွက် ပြီးတော့မှ လုံလောက်တဲ့ ရိက္ခာတွေ ပို့နိုင်ဖို့ ဆိုတာကတော့ တော်တော်လေး အခက်တွေ့တာပေါ့နော။” လို့ သူက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်မှုတွေ ပိုမိုလှုပ်ရှားလာတဲ့အတွက် နေ့၊ည မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ ရိက္ခာ၊ ဆေးဝါးတွေ ကြိုတင်စုဆောင်းထားဖို့လည်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF က အသိပေး ကြေညာထားပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here