စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်အတွင်း အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

0
197

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်အထက်စုကျေးရွာမှ အမျိုးသား ၂ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းရှိ စစ်ကောင်စီတပ် ရဲကုန်းလက်နက်ကြီးအထိုင်ထားသည့် နေရာနှင့် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အစပ်ရှိ သပြေနီသံတံတားဂိတ်စခန်းတို့မှ မတ်လ ၂၀ ရက် ည ၇ နာရီခွဲဝန်းကျင်အချိန်ခန့်က ကျေးရွာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ်စခန်းတို့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဘီးလင်းမြို့နယ်ဘက်ခြမ်း ကရဝေးဆိပ်အထက်စုကျေးရွာရှိ ဦးအောင်လွင်ဆိုသူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ရှိ အသက် ၅၀ နှစ်အရွယ် ဦးကုလားဆိုသူသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဦးအောင်လွင်နှင့် ၎င်း၏ဇနီးဖြစ်သူမှာ ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သည်။

ကျည်စထိမှန်ဒဏ်ရာပြင်းထန်သည့် ဦးအောင်လွင်ကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှတဆင့် ရန်ကုန်သို့ လွှဲပြောင်းပို့ဆောင်စဥ် ကွာလီဂိတ်တွင် စောင့်ကြပ်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ဂိတ်ကို ပေးမဖြတ်သည့်အတွက် ဦးအောင်လွင်သည် ယင်းနေရာတွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဦးအောင်လွင်ရဲ့ အမျိုးသမီးကတော့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်။ သူ့ကိုလည်း ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်။ သူ့မှာက ကိုယ်ဝန်နေ့စေ့ လစေ့ရှိနေတယ်လို့လည်း သိရတယ်” ဟု ဆိုသည်။

မတ်လ ၂၀ ရက်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းမှာတော့ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အစပ် သပြေနီသံတံတားဂိတ်စခန်းကို KNU နှင့် PDF ပူးပေါင်းတပ်တို့က လက်နက်ကြီး ဒရုန်းများဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခဲ့ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီတပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်က ဘီးလင်းမြို့နယ်၊ ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွှေရောင်ပြကျေးရွာအုပ်စု အဝင်းကြီးကျေးရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့သေးသည်။

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ် ကျုံမိန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ်နှင့် ၁၂ နှစ်အရွယ်ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံးကာ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သထုံခရိုင်အတွင်းရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းတို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ မကြာခဏဖြစ်ပွားနေသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here