လားဟူဒီမိုကရက်တစ်အစည်းအရုံး

0
1898

လားဟူဒီမိုကရက်တစ်အစည်းအရုံး – LDU

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၀ ဇန်နဝါရီ ၁၉၇၃၊ ၁၉၈၇၊ ၁၉၉၇၊ ဧပြီ ၂၀ဝ၈

ရုံးချုပ် – ရှမ်းပြည်နယ်၊ မိုင်းဆက်ခရိုင်၊ လွယ်လန်းဒေသ

စစ်အင်အား – မသိရ

မူလ LDU အဖွဲ့ကို ဥက္ကဌအဖြစ် ကျာခွန်ဆာနှင့် ဒု-ဥက္ကဌအဖြစ် ကျာဟားတို့က ဦးဆောင်သည်။

LDU အဖွဲ့အသစ်ကို ဥက္ကဌအဖြစ် ကျာဆော်လမွန်နှင့် ဒု-ဥက္ကဌအဖြစ်ကျာဖူးတို့က ဦးဆောင်သည်။

စစ်အာဏာသိမ်းမှုသည် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အပေါ် များစွာ သက်ရောက်မှုရှိခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် အကြောင်းပြုပြီး LDU ၏ ခေါင်းဆောင်ပိုင်းတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ဥက္ကဌ ကျာခွန်ဆာဦးဆောင်သည့် မူလ LDU အဖွဲ့နှင့် အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်မှ ဦးဆောင်သည့် LDU အဖွဲ့အသစ်အဖြစ် LDU ၏ ဖြစ်တည်မှုကို ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှ စပြီး မြင်တွေ့ခဲ့ရသည်။

၂၀၂၂ ဇူလိုင်လ ၇ ရက်၊ နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်ရန် ဥက္ကဋ္ဌ ကျာခွန်ဆာနှင့် ဒု-ဥက္ကဋ္ဌ ကျာဟားတို့က ကြေညာခဲ့သည့်ကြားမှ အထွေထွေအတွင်းရေးမှူး ကျာဆောလမွန်နှင့် အလုပ်အမှုဆောင်တချို့သည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့ကြောင့် ကျာခွန်ဆာဦးဆောင်သည့် မူလ LDU အဖွဲ့သည် ကျာဆော်လမွန်၊ ကျာယာကုပ်နှင့် ကျာဖူးတို့ (၃) ဦးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ (၈) ရက်မှစပြီး တာဝန်မှရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သကဲ့သို့ တော်လှန်ရေးလမ်းစဉ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၂၇ ရက်၊ ၂၈ ရက်များတွင်တော့ ဥက္ကဌ ကျာခွန်ဆာနှင့် ဒု-ဥက္ကဌ ကျာဟားတို့ တက်ရောက်ခြင်းမရှိသည့် ဗဟိုကော်မတီအစည်းအဝေးကို Zoom မှတဆင့် ပြုလုပ်ခဲ့ပြီး ဥက္ကဌအဖြစ် ကျာဆော်လမွန်၊ ဒု-ဥက္ကဌအဖြစ် ကျာဖူး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ကျာယာကုပ်နှင့် ဗဟိုကော်မတီဝင် (၉) ဦးကို ရွေးချယ်တင်မြောက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ကျာဆော်လမွန်ဦးဆောင်သည့် LDU အဖွဲ့သစ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ဆက်လက်ပါဝင်နေသကဲ့သို့ PPST မှ အသွင်ပြောင်းဖွဲ့စည်းလာသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance – 7 EAO Alliance) တွင် ဆက်လက်ပါဝင်နေဆဲဖြစ်ပါသည်။

ကျာခွန်ဆာဦးဆောင်သည့် မူလ LDU အဖွဲ့ကမူ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဦးတည်နေခြင်းမရှိဘဲ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်၊ KIO ထူထောင်ခြင်း (၆၃) နှစ်မြောက်အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့သည်။ ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီလိုလားသည့် လားဟူလက်နက်ကိုင် တိုင်းရင်းသားများအပေါ် လက်တွဲခေါ်ဆောင်ဖေးမခဲ့သည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောဆိုထားပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်၊ ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မူလ LDU အဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင်တော့ ၎င်းတို့အနေဖြင့် အာဏာရှင်ဟူသမျှ ကျရှုံးသည်အထိ ပြည်သူလူထုနှင့်အတူ ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားပါသည်။

တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့ အရေးကြီးကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များအားလုံးအတွက် ဘုံသဘောတူညီချက်တခု၊ ရည်မှန်းချက်တခုတည်းထားကာ စည်းစည်းလုံးလုံး တော်လှန်တိုက်ခိုက်ပါက မုချအောင်မြင်မှုရရှိမည်ဟု ယုံကြည်ကြောင်း LDU ဥက္ကဌ ကျာဟားက ပြောဆိုထားပါသည်။ 1

1 လားဟူတော်လှန်ရေးကို အသက်သွင်းရမယ်၊ ဧရာဝတီ၊ ၁၅ ဇန်နဝါရီ ၂၀၂၄

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here