ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် / ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်

0
1963

ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLO / PNLA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ ဒီဇင်ဘာ ၁၉၄၉ (ပထမအကြိမ်)၊ ၇ – ၉ ဒီဇင်ဘာ ၂၀ဝ၉ (ဒုတိယအကြိမ်)

ရုံးချုပ် – မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း

လှုပ်ရှားရာ နယ်မြေ – ဆီဆိုင်၊ ဟိုပုန်း၊ နမ့်စန်၊ လင်းခေးနှင့် မောက်မယ်မြို့နယ်များ၊ ရှမ်းပြည်နယ်

အင်အား – ၄၀ဝ အထက်

ဥက္ကဋ္ဌ – ဗိုလ်ချုပ် ခွန်သူရိန်

ဒု-ဥက္ကဋ္ဌ – ခွန်ထွန်းတင်

အထွေထွေအတွင်းရေးမှူး – ခွန်အောင်မန်း

၂၀၂၃ ခုနှစ် မေလ ၇ ရက်၊ PNLO ထိန်းချုပ်နယ်မြေသို့ အကူအညီပေးရန် သွားရောက်ခဲ့သည့် အာဆီယံသံတမန်များ၊ အင်ဒိုနီးရှားနှင့် စင်္ကာပူသံရုံးမှ တာဝန်ရှိသူများ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ တာဝန်ရှိသူများ၊ PNLO ကိုယ်စားလှယ်များ၊ စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်စစ်ကောင်စီမှ တာဝန်ရှိသူများပါဝင်သည့် ယာဉ်တန်းသည် တောင်ကြီးမြို့မှ ဆီဆိုင်သို့ သွားရာလမ်းတွင် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃ ခုနှစ် ဇွန်လနောက်ဆုံးအပတ်တွင် ပြုလုပ်သည့် စစ်ကောင်စီနှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ တွေ့ဆုံမှုကို PNLO နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဦးဆောင်ခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးကိစ္စ စသည့် အချက် (၄) ချက်ကို ဆွေးနွေးခဲ့ပါသည်။ 1

ထိုနှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ပေါ် တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် လွိုင်ကော်မြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ၎င်းတို့၏ အခြေပြုရာဒေသများအတွင်း လာရောက်ခိုလှုံနိုင်ကြောင်း ဖိတ်ခေါ်အသိပေးခဲ့သည်။ ဒေသခံ ပအိုဝ်းပြည်သူများအနေဖြင့်လည်း ပအိုဝ်းဒေသကို ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ PNLO က တိုက်တွန်းထားခဲ့သည်။ 2

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစပြီး PNLA လှုပ်ရှားရာ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဇန်နဝါရီလ ၂၈ ရက်တွင် ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထိန်းချုပ်နိုင်ခဲ့သည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ပေါင်းစုံနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအထိ ဆက်လက်ချီတက်သွားမည်ဟုလည်း ဆိုပါသည်။ 3

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U) ကလည်း ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားများ မလည်ပတ်နိုင်တော့သည်အထိ PNLO/PNLA နှင့် ပူးပေါင်းကာ တော်လှန်စစ်ဆင်နွှဲသွားမည်ဟု တော်လှန်သစ္စာဖြင့် ကတိပြုကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။ ထို့အပြင် PNLO ဒု-ဥက္ကဌဟောင်း ဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ကလည်း “ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည်” ဟူသော PNLO/PNLA ၏ ရပ်တည်ချက်ကို ထောက်ခံကြိုဆိုခဲ့ပါသည်။ 4

PNLO အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးခဲ့သလို NCA အရ ဖြစ်ပေါ်လာသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကို ပြောင်းလဲဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance – 7 EAO Alliance) တွင် PNLO အနေဖြင့် ကိုယ်စားလှယ်အနေဖြင့် ထည့်သွင်းဖော်ပြထားခြင်းကိုမူ PNLO/PNLA ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန်က ကန့်ကွက်ထားပါသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး PNLO နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်မှု (၂၇) ခု ရှိခဲ့ပါသည်။

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု ၂၀၂၃ ခုနှစ်အတွင်း PNLO နှင့် RCSS/ SSA အကြား တိုက်ပွဲဖြစ်ပွားမှု (၂) ခုရှိခဲ့သလို ၂၀၂၄ ခုနှစ်အတွင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) နှင့် PNLO/PNLA အကြား တိုက်ပွဲဖြစ်ပွားမှု ၂ ခု ရှိခဲ့ပါသည်။

1 PPST အဖွဲ့ဝင်အဖွဲ့အစည်း (၅) ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ၊ 7 EAO Alliance ၊ ၂၈ ဇွန် ၂၀၂၃
2 လွိုင်ကော်က စစ်ရှောင်လူထုတွေတွေ ပအိုဝ်းအခြေပြုဒေသမှာ လာရောက်ခိုလှုံနိုင်ကြောင်း PNLO အသိပေး၊ ကန္တာရာဝတီတိုင်းမ်၊ ၁၇ နိုဝင်ဘာ ၂၀၂၃
3 စစ်အာဏာရှင်အမြစ်ပြတ် ဆက်လက်ချီတက်မည်ဟု PNLA ပြော၊ သျှမ်းသံတော်ဆင့်၊ ၄ ဖေဖော်ဝါရီ ၂၀၂၄
4 စစ်ကောင်စီအုပ်စု ယန္တရားမလည်ပတ်နိုင်အောင် PNLO နှင့်အတူ ပူးပေါင်ပြီး တော်လှန်မည်ဟု SSLRU က ထုတ်ပြန်၊ သျှမ်းသံတော်ဆင့်၊ ၂၈ ဇန်နဝါရီ ၂၀၂၄

ဆက်သွယ်ရန်

Email – [email protected]
Facebook https://www.facebook.com/paohnationalliberationorganization

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here