ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

0
1998

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PSLF / TNLA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၆၃၊ ၁၉၇၆၊ ဇန်နဝါရီ ၁၉၉၂၊ ဇန်နဝါရီ ၂၀ဝ၉

ရုံးချုပ် – ရွေ့လျား

လှုပ်ရှားရာ နယ်မြေ – ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်စန်၊ နမ့်ခမ်း၊ မူဆယ်၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်

အင်အား – ၈,၀ဝ၀ အထက်

ဥက္ကဋ္ဌ – ဗိုလ်ချုပ် တာအိုက်ဘုန်း

ဒု-ဥက္ကဋ္ဌ – ဗိုလ်မှူးချုပ် တာဂျော့ကြာ

အထွေထွေအတွင်းရေးမှူး – ဗိုလ်မှူးချုပ် တာဘုန်းကျော်

PSLF/TNLA သည် ညီနောင်မဟာမိတ် (၃) ဖွဲ့စုဖွဲ့မှုတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ အာရက္ခတပ်တော် (ULA/AA) တို့နှင့်အတူပါဝင်ပြီး စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ကာ UWSP/UWSA နှင့် KIO/KIA တို့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိုနှိုင်းရေးကော်မတီ (FPNCC) တွင်လည်း အဖွဲ့ဝင်အနေဖြင့် ပူးပေါင်းပါဝင်နေပါသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်း တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း NUCC ၏ အစုအဖွဲ့ဝင်တဖွဲ့ဖြစ်သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC နှင့် PSLF/TNLA အကြား ထိတွေ့ဆက်ဆံမှုများ၊ သတင်းအချက်အလက်ဖလှယ်မှုများရှိနေပြီး TPCC တွင် ၎င်းတို့၏အသံများ ပါဝင်နေကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါသည်။ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့၊ TPCC မှ ဦးဆောင်ပြုလုပ်သည့် တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်း ဆွေးနွေးပွဲတွင် PSLF/TNLA လည်း ပါဝင်တက်ရောက်ခဲ့ပြီး တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယ) မူကြမ်းကို အတည်ပြု နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင်တော့ PSLF/TNLA ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” ကို ကြေညာကာ ရှမ်းမြောက်ဒေသမှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော ဟိုင်ဂင်သဘောတူညီချက်ကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် အပစ်ရပ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှစတင်ကာ “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) ကို ဒေသတွင်း မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့်အတူ စတင်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) ၏ စစ်ရေးလှုပ်ရှားမှုအတွင်း PSLF/TNLA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (Mandalay-PDF) အပါအဝင် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ မန္တလေးတိုင်းအတွင်းအထိ စစ်ရေးအရ ထိုးစစ်ဆင်လှုပ်ရှားမှုများကို တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင် ကျောက်မဲမြို့နယ် မိုင်းလုံမြို့၊ ဒီဇင်ဘာလ ၁၅ ရက်တွင် နမ့်ဆန်မြို့၊ ဒီဇင်ဘာလ ၂၂ ရက်တွင် မန်တုံမြို့၊ ဒီဇင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့၊ ဒီဇင်ဘာလ ၂၉ ရက်တွင် မိုင်းငေါ့မြို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် ကွတ်ခိုင်မြို့၊ ဇွန်လ ၂၆ ရက်တွင် နောင်ချိုမြို့၊ ဇူလိုင်လ ၁၆ ရက်တွင် မိုးမိတ်မြို့ စသဖြင့် မြို့(၉) မြို့ကို PSLF/TNLA က မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ကောင်စီထံမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

PSLF ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းကတော့ ၎င်းတို့သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တယားများကို အပြီးတိုင်ဖယ်ရှားကာ ဒေသခံတိုင်းရင်းသားလူမျိုး မခွဲခြားဘဲ မှန်ကန်မျှတသည့် တရားဥပဒေစနစ်အပေါ် အခြေခံပြီး အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားအသစ်များ စတင်လည်ပတ်ရန် လက်တွေ့ဖော်ဆောင်သွားမည်ဟု ဆိုပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေးနှင့် မိမိဒေသကို ပိုမိုထိန်းချုပ်နိုင်ရေးတို့အတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသည့် ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း (၆၁) နှစ်မြောက် တအာင်းတော်လှန်ရေးနေ့တွင် ပြောကြားခဲ့ပါသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၂၀ ပြည့်နှစ်တွင်တိုက် ပွဲဖြစ်ပွားမှု ၁၅ ခုသာရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်အထိ တိုက်ပွဲပေါင်း ၁၂၅ ခု အထိ ဖြစ်ပွားခဲ့ပါသည်။

EROနှင့် တိုက်ပွဲဖြစ်ပွားမှု

RCSS/SSA နှင့် သော်လည်းကောင်း၊ SSPP/SSA နှင့် သော်လည်းကောင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပါသည်။

ဆက်သွယ်ရန်

Website – https://www.taangland.org/
Email – [email protected]
Facebook – https://www.facebook.com/profile.php?id=100064235945809

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here