ပေါက်မှာ PDF တွေရဲ့ စစ်ဆေးရေးဂိတ်ရောက်လာတဲ့ စစ်ကောင်စီဗိုလ်ကြီး ရှင်းလင်းခံရ

0
332

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့နေရာကို စစ်ကောင်စီတပ်ရဲ့ အရပ်သားကားနဲ့ လိုက်လာတဲ့ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်ကြပ်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရလို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း (၁) ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၇) ရက်နေ့က ပေါက်မြို့ အရှေ့ဘက် (၄) မိုင်အကွာ ယာကြီးပင် ပျူစောထီးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားလေးဦးပါတဲ့ Mark-2 အမျိုးအစားကားကို အုန်းတာရွာအနီးမှာ တိုက်ခိုက်ခဲ့တာပါ။

ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ဗိုလ်အဆင့်ရှိသူ ထိန်လင်းစိုး ဆိုသူကတော့ သေနတ်ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ပေါင်မှာ သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဖနှောင်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီဘက်ကကားကို မီးရှို့ဖို့ ပြင်ဆင်ခဲ့ပေမယ့် စစ်ကူလာဖို့ နီးကပ်တာနဲ့ လုံခြုံရေးကျိုးပေါက်မှာ စိုးရိမ်ရတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကနေ MA-3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခုအပါအဝင် ကျည် (၆၈) တောင့်၊ Icon တစ်လုံး၊ ကျည်ကာတစ်ထည်ရရှိခဲ့ပြီး မြိုင် ပ.က.ဖ တပ်ရင်း (၁)၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ YDF တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here