‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ / ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်

0
3008

‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ / ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSP/ UWSA

uwsa


စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၇ ဧပြီ ၁၉၈၉

ရုံးချုပ် – ပန်ခမ်း (ပန်ဆန်း)

လှုပ်ရှားရာ နယ်မြေ – ပန်ဆန်း၊ မိုင်းမ၊ ပန်ဝေ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ မိုင်းတုံ၊ မိုင်းဆက်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းယောင်း

အင်အား – ၃၀,ဝ၀ဝ အထက်

ဥက္ကဋ္ဌ – ပေါက်ယူချန်း

စစ်ဦးစီးချုပ် – ပေါက်ကျွိန်းဖင်း (ခ) ဦးပေါက်အိုက်ချန်

အထွေထွေအတွင်းရေးမှူး – ဦးပေါက်အိုက်ခမ်း

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည့် UWSP/UWSA သည် “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမျိုးသားပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်ကို အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မူအားဖြင့် သဘောတူထားသည်ဟု ဆိုပါသည်။ 1

UWSP/UWSA ဦးဆောင်သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အစည်းအဝေးအပြီးတွင်တော့ မြန်မာပြည်တွင်းပဋိပက္ခ ပြေလည်စေဖို့အတွက် တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုကြောင်းနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တရုတ်အစိုးရနှင့် လက်တွဲလုပ်ကိုင်သွားမည်ဆိုသည့် အချက်များအပါအဝင် အချက် (၇) ချက်ကို ထုတ်ပြန်ခဲ့သည်။ 2

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့် ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားနေသော အင်အားစုအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန်နှင့် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးလုပ်ဆောင်ကြရန် UWSP/ UWSA က တိုက်တွန်းခဲ့သည်။ ရှမ်းမြောက်ဒေသ စစ်ရေးပဋိပက္ခအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝင်ရောက်နေထိုင်ခွင့်ပြုခဲ့ပြီး ယာယီနေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးခဲ့သည်။ 3

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင်တော့ အာဏာသိမ်းစစ်အုပ်စု၏ အခြေစိုက်တပ်ရင်းများ ရှိရာ ဟိုပန်နှင့်ပန်လုံမြို့နှစ်မြို့အတွင်း UWSA တပ်များဝင်ရောက်နေရာယူတပ်စွဲခဲ့သည်။ဟိုပန်မြို့ အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကိုမူ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။

ဟိုပန်နှင့် ပန်လုံမြို့များသည် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ပါဝင်ပြီး အာဏာသိမ်းစစ်အုပ်စုက ထိန်းချုပ်ထားသည့် မြို့များဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင်တော့ UWSP/UWSA ၏ “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရထံသို့ စစ်ကောင်စီက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း UWSP/UWSA အတွက် သေနတ်တချက်မဖောက်ရဘဲ အာဏာသိမ်းစစ်အုပ်စုထံမှ မြို့နှစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။

သို့သော် UWSP/UWSA သည် FPNCC ၏ ဥက္ကဌ (၁) အဖြစ် တာဝန်ယူထားသည်နှင့်အညီ ရှမ်းမြောက်ဒေသအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များ အချင်းချင်းအကြား ပွတ်တိုက်မှုများ၊ အငြင်းပွားမှုများနှင့် ပဋိပက္ခဖြစ်စဉ်များအပေါ် ကိုင်တွယ်ဖြေရှင်းပေးနေရသည်ကို တွေ့ရသည်။

1 ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) လုပ်ငန်းအစည်းအဝေး ထုတ်ပြန်ချက်၊ WSTV ၊ ၁၆ မတ် ၂၀၂၃
2 “ဝ” ဒေသရောက် စစ်ဘေးရှောင်များ ယာယီနေထိုင်ခွင့်လက်မှတ်လုပ်ရန် UWSA ထုတ်ပြန်၊ သျှမ်းသံတော်ဆင့်၊ ၆ ဒီဇင်ဘာ ၂၀၂၃
3 ဟိုပန်နဲ့ ပန်လုံမြို့တွေကို UWSA ဝင်ရောက်တပ်စွဲ၊ အာအက်ဖ်အေ၊ ၅ ဇန်နဝါရီ ၂၀၂၄

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု

စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိသေးပါ။

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု

၂၀၂၂ ခုနှစ် ဧပြီလတွင် UWSA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။

ဆက်သွယ်ရန်

Facebook – https://www.facebook.com/WaStateTV2011318/

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here