ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်

0
2905

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA

dkba-5 flag


စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၈ နိုဝင်ဘာ ၂၀၁၀

ရုံးချုပ် – ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံစည်းမြိုင်ကျေးရွာ

လှုပ်ရှားရာနယ်မြေ – လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူတောင်ကြား၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ်

အင်အား – ၃၀ဝ၀ နီးပါး

စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ကြီး စောစတီး

စစ်ထောက်ချုပ် – ဗိုလ်မှူးကြီး စောစိန်ဝင်း

ဒေသဖွံ့ဖြိုးရေးနှင့် နယ်မြေငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆက်လက်စွဲကိုင်ထားမည်ဖြစ်ကြောင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်၊ (၂၉) နှစ်မြောက် DKBA နေ့ အခမ်းအနားတွင် ပြောဆိုခဲ့သည်။ ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများအတွင်းရှိ ပြည်သူလူထုများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်နှင့် လူနေမှုဘဝအဆင့်မြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဆိုပါသည်။ 1

မြဝတီခရိုင်၊ DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက်ကျေးရွာမှ ကာစီနိုလောင်းကစားရုံနှင့် ငွေလိမ်ဂိုဏ်းများတွင် ထောင်နှင့်ချီသော နိုင်ငံခြားသားများ ပိတ်လှောင်ခိုင်းစေခံနေရပြီး ကယ်ဆယ်ရေးလိုအပ်ကြောင်း သိရသည်။ ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထိုင်း – မြန်မာနယ်စပ် မြဝတီ – မဲဆောက်တဝိုက် ကျားဖြန့်ဒုစရိုက်ဂိုဏ်းများ ကျက်စားရာ မြဝတီ၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ KK Park နှင့် ကျောက်ခက်တို့တွင် ကာစီနိုလုပ်ငန်းများ ပုံမှန်လည်ပတ်နေဆဲ ဟုလည်း သိရသည်။ 2

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင်တော့ မူးယစ်ဆေးဝါးနှင့် လောင်းကစားများအား လုပ်ဆောင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်ထားပြီးဖြစ်သည့်အတွက် အမိန့်မနာခံဘဲ ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း DKBA က ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်၏ မိတ္တူကို ၎င်းတို့၏ တပ်ရင်း၊ တပ်ဖွဲ့နှင့် တပ်ဖွဲ့ဝင်များအပြင် စစ်ကောင်စီလက်အောက်ခံ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်း၊ BGF နှင့် KPC ဆက်ဆံရေးရုံးများသို့ပါ လိပ်မူထားသည်ကို တွေ့ရသည်။ 3

DKBA သည် အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်လျက်ရှိသည့် ERO အစုအဖွဲ့တခုဖြစ်သလို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ အသွင်ပြောင်းလဲဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance – 7 EAO Alliance) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပါသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် DKBA အကြား တိုက်ပွဲဖြစ်ပွားမှု (၄) ခု ဖြစ်ပွားခဲ့သော်လည်း ၂၀၂၂၊ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဟု ဆိုရပါမည်။

1 နယ်မြေငြိမ်းချမ်းရေးအတွက် NCA ကိုဆက်လက်စွဲကိုင်ထားမည်ဖြစ်ကြောင်း DKBA စစ်ဦးစီးချုပ်ပြော၊
ကေအိုင်စီ၊ ၂၁ ဒီဇင်ဘာ ၂၀၂၃
2 DKBA ထိန်းချုပ်နယ်မြေက ဒုစရိုက်ဂိုဏ်းမှာ နိုင်ငံခြားသား ထောင်နဲ့ချီပိတ်လှောင်ခံရဆဲ၊ အာအက်ဖ်အေ၊
၃၁ ဒီဇင်ဘာ ၂၀၂၃
3 တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ မပြုလုပ်ရန် KNU/KNLA-PC နှင့် DKBA တို့ အမိန့်ညွှန်ကြားချက်ထုတ်၊ ကေအိုင်စီ၊ ၁၀ ဒီဇင်ဘာ ၂၀၂၃

ဆက်သွယ်ရန်

Facebook – https://www.facebook.com/klohhtoobor/

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here