ဆီဆိုင်မြို့တွင် နေရပ်ပြန်သည့်စစ်ရှောင်အမျိုးသမီး ၁ ဦး PNO စစ်ကြောင်းနှင့်တိုးပြီး ပစ်သတ်ခံရ

0
196

သျှမ်းပြည်၊ ဆီဆိုင်မြို့တွင် နေရပ်ပြန်သည့် စစ်ရှောင်လင်မယား ၂ ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) က သေနတ်ဖြင့် လိုက်ပစ်သဖြင့် အမျိုးသမီးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက် နံနက် ၆ နာရီခန့်တွင် စစ်ဘေးရှောင်လင်မယားနှစ်ဦးသည် စစ်ဘေးရှောင်နေရာမှ ၎င်းတို့နေရပ်နောင်သိမ်ရွာသို့ ပြန်နေစဉ် တောလမ်းတနေရာ၌ ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းနှင့်တိုးပြီး သေနတ်ပစ်ခတ်ခံခဲ့ရာက ဇနီးဖြစ်သူ သေဆုံးသွားခဲ့ကြောင်း ထိုဖြစ်စဉ်ကိုသိရှိသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်က မြို့တပ်ထဲကနေ စစ်ကောင်စီက လက်နက်ကြီး၊ တင့်ကားတွေနဲ့ နောင်သိမ်ရွာထဲကို ပစ်တာ။ အဲ့နေ့ကတည်းက သူတို့လင်မယား စစ်ရှောင်လာခဲ့တာ။ မနေ့ကမှ ရွာပြန်မယ်ဆိုပြီး စစ်ရှောင်နေရာ ကနေ ရွာကိုပြန်အလာ တောလမ်းတနေရာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတာ။ သူ့ယောက်ျားကတော့ လွတ်တယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ သေဆုံးသူရုပ်အလောင်းကို ၃ နာရီကြာမှ ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့က သွားယူဆောင် ပေးပြီး အလောင်းကို ပြန်ရခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၈ ရက်တွင်လည်း ဆီဆိုင်မြို့နယ် တွေပူးကျေးရွာအတွင်း ရေခပ်ရန်သွားသည့် ကျောင်းသူ ၃ ဦးသည် လမ်းပေါ်မှာသွားလာနေစဉ် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါ်ကွဲမှုကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း ဆီဆိုင်မြိုသို့ နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူကြသည့် စစ်ရှောင်များသည် မွေတော်ဘုရားအရှေ့ဘက်ရှိ ဝါးတောရွာမြောက်ဘက်၌ ရောက်ရှိနေစဉ် စစ်ကောင်စီ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ၇ ဦး သေဆုံးခဲ့သည်။

လက်ရှိ ဆီဆိုင်မြို့တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးသောကြောင့် ဒေသခံများအနေဖြင့် မြို့တွင်းသို့ ဝင်ရောက်ခြင်း မပြုကြရန်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က အသိပေး တိုက်တွန်းထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here